လက်ဝှေ့အကျော်အမော်၊ ဟဲဗီးဝိတ် ချန်ပီယံကြီး မိုက်တိုင်ဆန် (Mike Tyson) ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ မကြာသေးခင်ကမှ ခွင့်ပြုလိုက်တဲ့ ဆေးခြောက်တရားဝင် ရောင်းဝယ်ဖောက်ကားခွင့် ဥပဒေကြောင့် ဆေးခြောက် စိုက်ခင်းတွေကို ထပ်မံတိုးချဲ့လိုက်ပါတယ်။
ဒါ့အပြင် ဆေးခြောက်နဲ့ ပတ်သက်တဲ့ အရာတွေကို လေ့လာအပန်းဖြေနိုင်မယ့် ဧက ၄၀၀ ကျော် ကျယ်ဝန်းတဲ့ ဆေးခြောက် Resort တခုကိုပါ ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။
မိုက်တိုင်ဆန်ရဲ့Tyson Ranch ကုမ္ပဏီကို ၂၀၁၆ ခုနှစ်လောက်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တိုင်ဆန်အပြင် သူ့ရဲ့မိတ်ဆွေနှစ်ဦးတို့ပါ ပါဝင်တည်ထောင်ထားတာပါ။ သူတို့ စိုက်ခင်းထဲက ထွက်လာတဲ့ ဆေးခြောက်တွေကို Tyson Runch လို့ နာမည်ပေးထားပြီး အရည်အသွေးပြည့်မီတဲ့ ကွာလတီမျိုး ရအောင် ဆေးခြောက်ကျွမ်းကျင် စိုက်ပျိုးရေးပညာရှင်တွေအပြင် သူကိုယ်တိုင်ကပါ စိတ်ဝင်တစား ပါဝင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ဆေးခြောက်ကို ကျန်းမာရေးအတွက် ဆေးဖြစ်ဝါးဖြစ် အနေနဲ့ အသုံးပြုဖို့ကို အခုနောက်ပိုင်းမှာ နိုင်ငံတော်တော်များများက ခွင့်ပြုနေတာဖြစ်ပြီး ဆေးခြောက်ကို အသုံးပြုပြီး ကုသတဲ့ ကျန်းမာရေးစင်တာတွေ၊ ဆေးဝါးတွေလည်း တဖြည်းဖြည်းနဲ့ ပေါ်ပေါက်လာနေတာပါ။
တိုင်ဆန်ရဲ့ ဒီဆေးခြောက် Resort မှာဆိုရင် ဆေးခြောက် ရောင်းဝယ်ဖောက်ကားဖို့ တခုတည်းတင် မဟုတ်ဘဲ ဆေးခြောက်စိုက်ပျိုးနည်းတွေ၊ ကွာလတီ အမြင့်စားရအောင် ထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းတွေနဲ့ ဆေးခြောက်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်ပုံတွေကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဆေးခြောက်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အင်တာဗျူးတခုမှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။
“ကျနော် ကိုယ်တိုင်ကလည်း ဆေးခြောက် ကြိုက်သူတယောက်ပါ။ ဒါကို လုပ်ဖြစ်တာကတော့ ရှင်းပါတယ်၊ ဆေးခြောက်ကို အသုံးပြုပြီး လူတွေရဲ့ကျန်းမာရေးကို တဖက်တလမ်းကနေ ကူညီပေးနိုင်ဖို့ပါ။ ဆေးခြောက်ကို မြင်တဲ့ အမြင်တွေကတော့ တူချင်မှ တူမှာပါ။ သေချာတာကတော့ စီးကရက်တွေ၊ အရက်တွေထက် အန္တရာယ်ကင်းတယ် ဆိုတာပါပဲ”လို့ မိုက်တိုင်ဆန်က ဆိုပါတယ်။
Ref. www.tinkinghumanity.com