ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးထားတဲ့ “Now & Ever” ရုပ်ရှင်မှာ ဒေါက်တာ မျိုးကိုအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းညိုက လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျနော် ရုပ်ရှင်အနေနဲ့က “Now & Ever” က ပထမဆုံးရုပ်ရှင်၊ ကျနော် လွန်ခဲ့တဲ့ ၁၀နှစ်လောက် က ဇာတ်လမ်းတွဲလေး နှစ်ခု ရိုက်ဖူးတယ်။ ငါတို့သည်နဲ့ ရွာ ဆိုတဲ့ ဇာတ်လမ်းတွဲလေး ရိုက်ဖူးတယ်။ အဲ့ဒါပြီးတော့ မရိုက်ဖြစ်တော့ဘူး။ ဒါရိုက်တာ သီဟတင်သန်းနဲ့တော့ ရုပ်ရှင်ပွဲတော်အတွက် ၁နှစ် တကား၊ နှစ်ကားရိုက်ခဲ့တယ်။ သိပ်များများစားစားတော့ မဟုတ်ပါဘူး။ ကျနော်ရိုက်ချင်တဲ့ ကာရိုက်တာကတော့ အများကြီးရှိတာပေါ့။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လုပ်ငန်းအတိုင်းအတာအရ သရုပ်ဆောင်နေတာနဲ့မပြီးဘူး။ လာပြီးတော့လည်း ကမ်းလှမ်းဦးမှ လာကမ်းလှမ်းချိန်မှာလည်း ကိုယ်ကလည်း တာဝန်ယူနိုင်ဦးမှ။ အဲ့အတွက် အများကြီးလည်း ပြောလို့မရသေးဘူးပေါ့”လို့ မင်းညိုက ပြောပါတယ်။
အေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ မင်းညိုက မိသားစုအကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။
“ကျနော် အဖေနဲ့အမေက မလှိုင်မြို့ကိုတက်လာပြီး ရွှေပန်းထိမ်လုပ်ရင်း ကျနော်တို့ မောင်နှမ ၄ ယောက်ကို မွေးတာ။ အကြီးက အစ်မ၊ ပြီးတော့ အစ်ကို၊ နောက်တယောက်က အစ်မ၊ ကျနော်က အငယ်ဆုံး။ အဖေရော၊ အမေရော အရမ်းရိုးပြီးတော့ အေးဆေးတဲ့ မိသားစုမျိုးပါ”
“အခုအချိန်ထိကို မိသားစုစုံညီ ထမင်းကောင်းကောင်း စားနေကြတုန်းပဲ ရှိသေးတယ်။ ဖုန်းသုံးတာတွေ၊ Facebook သုံးနေတာမျိုးတွေ ဘယ်သူမှ မရှိဘူး။ မိသားစု တစုလုံး နွေးနွေးထွေးထွေး စကားတွေပြောကြတယ်။ ကျနော်တို့ မောင်နှမတွေက အေးချမ်းတယ်။ အေးအေးဆေးဆေး နေတတ်တယ်။ ကျနော် တယောက်ပဲ အနုပညာလောကထဲ ရောက်တာ။ အနုပညာကို မျိုးရိုးလည်း မရှိဘူး။ အနုပညာ လုပ်နေတဲ့သူလည်း မရှိဘူး”လို့ မင်းညိုက ပြောပါတယ်။
ဆက်လက်ပြီး မင်းညိုက ငွေကြေး အရမ်းချမ်းသာတဲ့ မိသားစုက လာတာ မဟုတ်တဲ့အတွက် အနုပညာ အလုပ်တွေ လုပ်ခါစမှာ မိသားစုက သဘောမကျဘူးလို့ ဆိုပါတယ်။
“အရမ်းအလှမ်းဝေးတယ်၊ ငွေကြေးကလည်း အရမ်းချမ်းသာတဲ့သူထဲက မဟုတ်ဘူး၊ သာမန်ပဲ။ အနုပညာအသိုင်းအဝိုင်းထဲကို ဝင်ဖို့က အိမ်မက်လိုပဲ အရမ်းခက်တယ်။ ကျနော်က ၂၀၀၈ မှာ ဒါရိုက်တာ ဦးတင်ဦးဖွင့်တဲ့ အနုပညာ သင်တန်းကျောင်းကနေ စရောက်လာတာ။ အနုပညာလုပ်ငန်း လုပ်ခါစက မိသားစုတွေကသဘော မကျဘူး။
မအောင်မြင်တာ အောင်မြင်တာထက် အသိအမှတ်ပြု မခံရဘူးပေါ့။ အချိန်ကာလကလည်း လုပ်ကိုင်တာ ကြာလာတော့ အိမ်က မယုံကြည်ဘူးပေါ့။ ပြောမရလို့သာ ခွင့်ပြုထားတာပေါ့။ သဘောမကျတာရယ် လူအသိအမှတ်မပြု ခံရတာရယ်ကို ကျနော်တော်တော် ကျော်ဖြတ်ခဲ့ရတယ်။ လက်ရှိမှာတော့ အသိအမှတ်ပြုမှုလေး တခုရတယ်လို့တော့ ပြောလို့ရတယ်”လို့ မင်းညိုက ပြောပါတယ်။
ဒေါက်တာမျိုးကို အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် မင်းညိုကတော့ “Now & Ever” ရုပ်ရှင်နဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံနေရပြီး ပရိသတ်တွေကလည်း သူ့ရဲ့ သရုပ်ဆောင်မှုကို အထူး ချီးကျူးနေကြပါတယ်။