Myanmar Idol Season 4 ပြိုင်ပွဲကြီးရဲ့ တပတ်ပြီးတပတ် ယှဉ်ပြိုင်မှုများက အရှိန်တက်လာတာနဲ့ အမျှ နိုဝင်ဘာလ ၂၉ ရက်နေ့ညမှာတော့ တေးသံရှင် စိုးလွင်လွင်ရဲ့အမှတ်တရ သီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဒီလိုမျိုး စိုးလွင်လွင် အမှတ်တရ သီချင်းများကို သီဆိုယှဉ်ပြိုင်နိုင်ရန်အတွက် မိသားစုဝင်များကလည်း ခွင့်ပြုချက်ပေးခဲ့ပြီး နောက်ပိုင်း မျိုးဆက်သစ်များအနေနဲ့ စိုးလွင်လွင်ရဲ့သီချင်းများကို သိခွင့်ရမှာဖြစ်တဲ့အတွက် ပျော်တယ်လို့လည်း စိုးလွင်လွင်ရဲ့ ဇနီးဖြစ်သူက ပြောထားပါတယ်။
“ကိုစိုးလွင်လွင်ရဲ့သီချင်းတွေကို ပြန်လည် သီဆိုမယ်ဆိုတဲ့ သတင်းကြားလိုက်တော့ ကျမတို့ အရမ်းပဲဝမ်းသာတယ်။ ကျမတို့ မိသားစုလည်း ပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်ကလေးတွေ သီချင်းတွေကို သိခွင့်ရတော့မယ်ဆိုပြီး ပျော်တယ်”
“ကိုစိုးလွင်လွင်က ဂီတနဲ့ပတ်သက်ရင် ဘယ်တော့မှ အမြတ်မထုတ်ဘူးပေါ့။ ဂီတအပေါ်မှာ ရိုးသားတယ်။ ရိုးရိုးသားသား နဲ့ဖြတ်သန်းတယ်။ ဂီတကိုလည်း မြတ်နိုးတယ်။ ကြိုးလည်းကြိုးစားတယ်” လို့ဇနီးဖြစ်သူက ပြောထားပါတယ်။
စိုးလွင်လွင်ရဲ့ သီချင်းများကို ပြန်လည်သီဆိုတဲ့အတွက်လည်း ဝမ်းသာ ဂုဏ်ယူမိပြီး နှစ်ပေါင်းများစွာကြာခဲ့ပေမယ့် အားပေး ချစ်ခင်ကြတဲ့အတွက်လည်း ဝမ်းသာတဲ့အကြောင်း ပြောခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ အသက်အငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်တဲ့ အေးမြဖြူက စိုးလွင်လွင် ကိုယ်တိုင် ရေးသား သီဆိုထားတဲ့ “ချစ်သူစိတ်ကူး” ဆိုတဲ့သီချင်းကို ပါဖောမန့်များနဲ့ တက်တက်ကြွကြွ သီဆို ဖျော်ဖြေသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်က Bottom ထိုင်ခဲ့ရပေမယ့် ယခုတပတ်မှာတော့ သူမရဲ့သီဆိုမှုအပေါ်မှာ ဒိုင်များက ချီးကျူးစကားများ ဆိုခဲ့ပါတယ်။
ဒုတိယတယောက် အနေနဲ့တော့ ဘမ်ဂျမင်ဆုမ်းက တေးရေးဆရာ ညီညီသွင်ရဲ့ သီချင်းကို စိုးလွင်လွင်သီဆိုထားတဲ့ “စိတ်ဖြေသီချင်း” ဖြင့် သီဆိုယှဉ်ပြိုင်သွားခဲ့ပြီး ဒိုင် ၃ ယောက်ကတော့ ဘမ်ဂျမင်ဆုမ်းကို မနေ့ညက သီဆိုယှဉ်ပြိုင်မှုမှာ သူ့ရဲ့ပင်ကိုယ် စတိုင်လည်း ပေါ်လွင်နေပြီး ခံစားသက်ဝင်မှုလည်း ကောင်းနေတယ်လို့ ပြောခဲ့ပါတယ်။
ချစ်စရာ ရုပ်သွင်လေးကို ပိုင်ဆိုင်ထားတဲ့ ပြိုင်ပွဲဝင် ထက်အဉ္ဖလီကတော့ တေးရေး စံသွင် (နမ္မတူ) ရေးစပ်ထားတဲ့ “ငယ်ငယ်တုန်းကထက် ပိုချစ်မယ်” သီချင်းကို သီဆိုယှဉ်ပြိုင်ခဲ့ပြီး သူလည်း ဒိုင်တွေရဲ့ မှတ်ချက်ကောင်းများ ရရှိခဲ့ပါတယ်။
နောက်ထပ်တယောက် အနေနဲ့တော့ ဒိုင် ၃ ဦးရဲ့ ပြိုင်ပွဲတခုလုံးမှာ တကြိမ်သာ အသုံးခွင့်ဖြင့် Safe ထားတဲ့ နော်စေးစေးထူးက “တချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်” ဆိုတဲ့ စိုးလွင်လွင်ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ သီချင်းကို ခံစားသက်ဝင်မှု ကောင်းကောင်းဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။
စောခရစ်မူးလာကတော့ တေးရေး ညီညီစံ ရေးထားတဲ့ “ကိုယ်ချစ်” ဆိုတဲ့ သီချင်းဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ အရင်တပတ်က Bottom ထိုင်ခဲ့ရတဲ့ အက်စတာဒေါ့ချင်းဆုန်းကတော့ “စိုးစိတ် တိုးတိတ်လွမ်းချိန်” ဆိုတဲ့ သီချင်းကို အက်စတာရဲ့ ပုံစံအတိုင်း ပညာသားပါပါနဲ့ ပရိသတ်ရင်ထဲ ရောက်အောင် ဆိုသွားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ယောကီးက “ရင်ဆိုင်စရာ စွမ်းအား မရှိတော့လို့ပါ” ဆိုတဲ့ သီချင်းကို Rock Mood အပြည့်နဲ့ သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။ ပြိုင်ပွဲဝင် ၇ ဦးစလုံးကတော့ ကြိုးစားမှုအပြည့်နဲ့ ကောင်းမွန်စွာ သီဆိုယှဉ်ပြိုင်ခဲ့ကြပေမယ့် ပရိသတ် အများစုကတော့ အားမလို အားမရ ဖြစ်ခဲ့ကြပြီး ဒိုင်တွေကတော့ ကောင်းတဲ့ မှတ်ချက်များကိုသာ ပေးသွားခဲ့ကြပါတယ်။
ယခင်က စိုးလွင်လွင် သီချင်းများနဲ့ ကြီးပြင်းခဲ့ပြီး ရင်းနှီးခဲ့သူများကတော့ အကြိုက်တွေ့ခဲ့ခြင်း မရှိဘဲ ဝေဖန်မှုများ ရှိနေတာလည်း တွေ့ရပါတယ်။
Myanmar Idol Season 4 ရဲ့ Country Week မှာလည်း ပရိသတ်အားပေးမှု မြင့်တက်နေတဲ့ ပြိုင်ပွဲဝင်များဖြစ်ကြတဲ့ အက်စတာဒေါ့ချင်းဆုန်၊ အေးမြဖြူနဲ့ တန်ခွန်ကျော်တို့ ၃ ဦး Bottom ထိုင်ရာမှ တန်ခွန်ကျေ ာ် ပြုတ်သွားတဲ့အပေါ်မှာလည်း Idol အပေါ် ဝေဖန်မှု ပြင်းထန်ခဲ့ပြီး ယခုတပတ်မှာလည်း ပြိုင်ပွဲမှ ဘယ်သူ ထွက်ခွာရမလဲဆိုတာကို ရင်ခုန်နေကြပါတယ်။
Myanmar Idol Season 4 မှာတော့ ဆန်ခါတင်ပြိုင်ပွဲဝင် ၁၁ ယောက်အနက် လက်ရှိမှာတော့ ပြိုင်ပွဲဝင် ၇ ယောက်သာ ကျန်ရှိနေပြီး အကဲဖြတ်ဒိုင်များအဖြစ် အောင်ကိုလတ် ၊ တင်ဇာမော် ၊ ဖြူဖြူကျော်သိန်းတို့ကပြုလုပ်ကာ ဒိုင်များရဲ့သုံးသပ်ချက် ပေးပြီး ပရိသတ်များက မဲပေးရွေးချယ်ရတဲ့ စနစ်နဲ့ တင်ဆက် ပြသနေတာ ဖြစ်ပါတယ်။
You may also like these stories:
Myanmar Idol ပွဲကျင်းပရာ နေရာကို ဝင်ခွင့် မရတဲ့အကြောင်း ပြောပြတဲ့ ဖြိုးမြတ်အောင်
Myanmar Idol ခရီး ပြီးဆုံးသွားပေမယ့် အနုပညာခရီး အခုမှ စမှာပါ”လို့ တန်ခွန်ကျော် ပြော