ဟားငါးကောင် အဖွဲ့ဝင်ဟောင်း လူရွှင်တော် သာဇံဟာ နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ အနောက်ပိုင်းဆေးရုံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ လူရွှင်တော် သာဇံရဲ့ နောက်ဆုံးခရီးကိုတော့ လူရွှင်တော်များစွာက လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ လူရွှင်တော် သာဇံ ကွယ်လွန်မှုအတွက် ဝမ်းနည်းစကားများကိုလည်း အခုလို အသီးသီး ဆိုထားကြပါတယ်။
ခင်နန္ဒာနိုင် (သာဇံရဲ့ ဇနီး)
သူက နိုဝင်ဘာ ၂၉ ရက်နေ့က ဆုံးတယ်။ ဆေးရုံမှာတော့ ၁၀ ရက် ကျော်တယ်။ အသည်းရောဂါဖြစ်တာပေါ့။ အရက်သောက်တော့ ဘေးက ကလီစာတွေပါ ထိပြီး ကုလို့မရတော့ဘူး ဖြစ်သွားတာပေါ့။ ရက်လည်ကတော့ ၅ ရက်နေ့ပါ။ အရင်ကလည်း ဆေးရုံတက်ရတယ်။ ၃ ကြိမ်မြောက်မှာ ကွယ်လွန်တာပေါ့။ အရင်ဆေးရုံတက်တုန်းက ကောင်းသွားသေးတယ်။
အခု ၃ ကြိမ်မြောက်မှာ အသည်းကို မရှိတော့ဘူး။ သားသမီးက နှစ်ယောက်ရှိပါတယ်။ သမီး အကြီးမနဲ့ နောက် ယောကျာ်းလေးပေါ့။ ရှေ့ဆက် တယောက်တည်း အဆင်ပြေသလို ရုန်းကန်ရမှာပေါ့။ လောလော လတ်လတ်ကြီး ဖြစ်သွားတာဆိုတော့ ဘာမှ မစဉ်းစားရသေးဘူး။ ပြည်သူပေါင်းလူရွှင်တော် ပရဟိတအသင်း ဥက္ကဋ္ဌ ဦးမျိုးထွန်းကလည်း ကူညီပေးပါတယ်။
၂ ရက်နေ့မှာလည်း လူရွှင်တော်အဖွဲ့တွေ စုပြီး ကပြဖျော်ဖြေပြီး ပြီး ဆေးကုပေးမယ်ဆိုပြီး ပြောထားကြတာ။ အခု သူကွယ်လွန်သွားတော့ ပွဲလေး ကပြီး ကလေးကို ထောက်ပံ့ပေးကြမယ်တော့ ပြောပါတယ်။ သူနဲ့ ညီမနဲ့ ဆေးရုံ အတူတူ တက်ရသလို ဖြစ်နေတယ်။ ကလေးက အခု ၁၉ ရက်ပဲ ရှိပါသေးတယ်။ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေလည်း သူအခုလို ဖြစ်သွားတော့ စိတ်မကောင်းဖြစ်ပေးကြတယ်။ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။
မျိုးထွန်း (ပြည်သူအပေါင်းလူရွှင်တော် ပရဟိတအသင်း ဥက္ကဋ္ဌ)
အရမ်း စိတ်မကောင်းဖြစ်မိတယ်။ ဟားငါးကောင်ဆိုတာ သာဇံ၊ ကျော်ထက် ၊ပိုးလေး၊ တိုးကျော်၊ တိုင်းကျော်က စတာ။ အကြောင်းတခုကြောင့် သူတို့တွေ ကွဲသွားကြတယ်။ သာဇံက အရမ်း စိတ်ရင်း ကောင်းတယ်။ ပရဟိတဆိုရင် ဘယ်နေရာ ဖြစ်ဖြစ် ရောက်အောင် သွားတယ်။ အရမ်း လူချစ်လူခင် ပေါတယ်။ သူ့ကို ချစ်လို့လည်း နေဖို့ စားဖို့ကအစ နောက်ကနေ ကျနော် ထောက်ပံ့ပေးတယ်။ အရမ်းစိတ်ရင်းကောင်းတယ်။ ဝမ်းစာ အရမ်းကောင်းတဲ့ ကလေးပါ။
သူဆုံးသွားတော့ စိတ်မကောင်းဖြစ်ရပါတယ်။ အနောက်ပိုင်းဆေးရုံမှာ မနက် ၇ နာရီမှာ ဆုံးပါတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ လုပ်ပေးကြတာပါပဲ။ သူဆေးကုဖို့အတွက်လည်း ကျနော်တို့ တောင်ဒဂုံမှာ ကပြဖို့ လုပ်ထားတာ။ အခုတော့ ကျနော်တို့ကပြ ဖျော်ဖြေလို့ရတာတွေက ကလေးအတွက် ထောက်ပံ့ပေးသွားမှာပါ။
သူ ကလေးကို မြင်ပဲ မြင်လိုက်ရတယ်။ ကလေးမွေးပြီး ထွက်အလာ၊ သူကလည်း အဆောင်ပြောင်း၊ လမ်းမှာ သွားတွေ့တယ်။ ကျနော် ပြန်ကောင်းမယ်ပဲ ထင်ထားတာ။ ကျနော်တို့လည်း အတတ်နိုင်ဆုံး လူရွှင်တော်တွေကို လတိုင်းလတိုင်း လှူနိုင်ဖို့ ကြိုးစားနေတယ်။ သာဇံကတော့ ကွယ်လွန်သွားတော့ မိန်းမနဲ့ ကလေးကတော့ ကျန်ခဲ့တာပေါ့။ ကလေးလေးအတွက်လည်း ကျနော်တို့ အတတ်နိုင်ဆုံး ကူညီပေးမှာပါ။
လူရွှင်တော် ဗေဒါ
သာဇံဆိုတာ လူတော်တယောက်လို့ ပြောမှာပေါ့။ စွယ်စုံရတဲ့ လူရွှင်တော်တယောက် ဆုံရှုံးလိုက်ရတော့ ကျနော်တို့ကတော့ နှမြောပါတယ်။ ကျနော်တို့လည်း ဒီည ပွဲကပေးမယ်။ အရမ်းတော့ စိတ်မကောင်းဖြစ်ရတယ်။ အမှတ်တရတွေလည်း အများကြီးပါ။ ကျနော် တပည့်တယောက် ကွယ်လွန်သွားတာ အရမ်းစိတ်မကောင်းဖြစ်ရတယ်။
ဟားငါးကောင်ရဲ့ အဖွဲ့ဝင်ဟောင်း လူရွှင်တော် သာဇံဟာ ကွယ်လွန်ချိန်မှာ အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်ပြီး ကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်သူနဲ့ သားသမီး နှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။
You may also like these stories:
Instagram မှာ ခန္ဓာကိုယ်အသားပေး ဖော်တဲ့ပုံတွေ တင်ဖြစ်တဲ့ နေခြည်ဦး
Fan Meeting က ရတဲ့ ငွေကြေးနဲ့ အလှူလိုက်ရတဲ့အတွက် ပီတိဖြစ်နေတဲ့ ဝတ်မှုံရွှေရည်