အချိန်ကြာကြာ အိပ်ရတာကို ကြိုက်တဲ့ အအိပ်မက်သူတွေအတွက် အိန္ဒိယနိုင်ငံက Wakefit ဆိုတဲ့ကုမ္ပဏီဟာ အခကြေးငွေ လစာပေးပြီး အိပ်စက်ဖို့ ငှားရမ်းနေပြီပဲ ဖြစ်ပါတယ်။ Wakefit ကုမ္ပဏီဟာ မကြာသေးခင်ကမှ ဒီအလုပ်ခေါ်စာကို ကြေညာခဲ့တာဖြစ်ပြီး အိပ်ရာထဲရောက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ့်သူမျိုးကို ရှာဖွေနေတာဖြစ်တယ်လို့လည်း “Wakefit Sleep Internship” မှာ ဖော်ပြထားပါတယ်။
ဒီအလုပ်ခေါ်စာမှာ အင်တာဗျူး ဖြေဆို အောင်မြင်သူတွေ အနေနဲ့ တနေ့ကို အိပ်ချိန် ၉ နာရီနဲ့ ရက်ပေါင်း ၁၀၀ အထိ အိပ်စက်ပေးရမှာ ဖြစ်ပြီး လခအနေနဲ့ တလကို အမေရိကန်ဒေါ်လာ ၁၀၀၀ ဝန်းကျင်ခန့် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်လျှောက်မယ့်သူတွေရဲ့ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကုမ္ပဏီတရားဝင်ဝက်ဘ်ဆိုက်မှာ အခုလိုပဲ ရေးသားဖော်ပြထားပါတယ်။ လျှောက်ထားသူဟာ အိပ်ရာထဲ ရောက်တာနဲ့ ၁၀ မိနစ်ကနေ မိနစ် ၂၀ အတွင်း အိပ်ပျော်နိုင်မယ့်သူ ဖြစ်ရပါမယ်၊ ဘယ်လိုအခြေအနေမျိုးမှာ (ဥပမာ- အသံဆူညံနေတာမျိုး၊ အလင်းရောင်ရှိနေတာမျိုး) ဖြစ်ဖြစ် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်တဲ့သူ ဖြစ်ရပါမယ်။
အလုပ်မှာဖြစ်ဖြစ်၊ ကျောင်းတက်နေသူတွေဆိုရင်လည်း ကျောင်းမှာဖြစ်ဖြစ် မကြာခဏ အိပ်ငိုက်လေ့ရှိသူတွေကို အလုပ်နေရာအတွက် ဦးစားပေးမှာဖြစ်ပြီး တခြားအရာတွေထက် အိပ်စက်ရတာကို မက်မက်မောမောရှိသူတွေကို ပိုမိုဦးစားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတွေကို ဦးစားပေးထည့်သွင်းစဉ်းစားမယ့် အချက်တွေဖြစ်ပြီး လက်မခံနိုင်တဲ့အချက်တွေကတော့ အိပ်စက်နေစဉ် အသံကျယ်ကျယ်လောင်လောင် ဟောက်တဲ့သူမျိုးတွေကိုတော့ ထည့်သွင်းစဉ်းစားသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး Wakefitကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးက “ အဓိကက ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အိပ်ပျော်မယ့် သူမျိုးပေါ့၊ နှိုးစက်မြည်နေရင်တောင် ဆက်အိပ်နိုင်တဲ့သူမျိုးဆို ပိုကောင်းပါတယ်။ အိပ်တာကလွဲလို့ ကျန်တာ အရေးမကြီးဘူးဆိုတဲ့သူမျိုးတွေဆို ပိုကောင်းပါတယ်” လို့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
Ref. www.ndtv.com
You may also like these stories:
အိန္ဒိယ နိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာ ယနေ့စတင်ခွင့်ပြု
ဒီနေ့မှာ ကျရောက်တဲ့ ၇၃ ကြိမ်မြောက် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးနေ့
လပေါ် ဆင်းသက်မည့် ယာဉ်မှာ ပျက်စီးသွားပြီဖြစ်ကြောင်း အိန္ဒိယ ပြောကြား
မဖြစ်မနေ ကြည့်သင့်တဲ့ အိန္ဒိယသူရဲကောင်း ရုပ်ရှင် ၅ ကား