ဂီတလောကမှာ ပရိသတ်အားပေးမှုကို အချိန်ကြာကြာ ရရှိထားတဲ့ အဆိုတော် စည်သူလွင်က မကြာခင်မှာ မီနီအယ်လ်ဘမ် ထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။
“Mini Album အနေနဲ့ ထွက်ဖို့ စီစဉ်ထားပါတယ်၊ မကြာခင်မှာ မီနီ အယ်ဘမ်လေး ထွက်လာမှာပါ။ တေးသံသာကနေလည်း သီချင်းတွေ တင်ပေးထားပါတယ်။ သီချင်း ၆ ပုဒ်လောက် ထည့်ဖို့လည်း စဉ်းစားထားပါတယ်။ အရင် အခွေတွေနဲ့ မတူတဲ့ Music ပုံစံတွေ ထည့်ထားပါတယ်။ အရင် ပုံစံတွေနဲ့ မတူဘူး ဆိုတာက သီချင်းရဲ့ ပုံစံနောက်ကို လိုက်တာလည်းပါတယ်”
“အခုခေတ်က အွန်လိုင်းမှာ နားမထောင်ကြပါနဲ့၊ CD ခွေပဲဝယ်ပါလို့ ပြောလို့မရဘူး။ တော်တော်များများဆီမှာလည်း CD Player တွေဆိုတာ မရှိသလောက်ပဲ။ ကားထဲမှာပဲ ရှိတာ။ ဖုန်းနဲ့ပဲ နားထောင်ကြတာများလာတယ်။ ခေတ်ကိုက ပြောင်းလာတာ။ ဒါကို ကျနော်တို့က တားလို့မရဘူး။ ကျနော်တို့က ခေတ်ရေစီးထဲမှာ လိုက်ရမှာပဲလေ”လို့ အဆိုတော် စည်သူလွင်က ပြောပါတယ်။
ဆက်လက်ပြီး အဆိုတော် စည်သူလွင်က သီချင်းတွေကို အခွေအနေနဲ့ ရောင်းမယ့်အစား အွန်လိုင်းကနေ တင်ပေးတာလည်း အားသာချက်တွေ ရှိတယ်လို့ ဆိုပါတယ်။
“သီချင်းတွေကို အခွေတွေပဲ ရောင်းနေမယ့်အစား အွန်လိုင်းကနေလည်း သီချင်းတွေ ပို့ပေးနေတယ်။ အွန်လိုင်းက သီချင်းပျံ့နှံ့မှု အားကောင်းတယ်လို့ ကျနော်မြင်ပါတယ်။ အရင်ကတော့ ခွေတွေ သွားဝယ် နေရသေးတယ်။ အခုခေတ်ကျတော့ ထွက်ပြီဆိုတာနဲ့ အွန်လိုင်းကနေ ဝယ်ပြီး ချက်ချင်းနားထောင်လို့ ရပြီ၊ အားသာချက်တွေလည်း ရှိပါတယ်”
“ကျနော်တို့ဆီမှာ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ အရမ်း မဖွံ့ဖြိုးသေးတော့ နည်းနည်းအခက်အခဲ ရှိသေးတာပေါ့။ CD လည်း ထုတ်နေရတုန်းပဲ။ အွန်လိုင်းလည်း တင်နေရတယ်ပေါ့။ CD ဆိုတာ တကယ်ကို ဝယ်သိမ်းချင်တဲ့ ပရိသတ်အတွက်ပဲ ထုတ်ကြတာ။ အွန်လိုင်းပေါ်ကနေ တရားဝင်ဝယ်ယူ အားပေးတာလည်း နည်းသေးတယ်”လို့ စည်သူလွင်က ပြောပါတယ်။
လူငယ်မျိုးဆက်သစ် အဆိုတော်တွေကိုလည်း ကြိုးစားကြဖို့ စည်သူလွင်က အခုလိုပဲ ဆိုပါတယ်။
“လူငယ်တွေကို ကြိုးစားပါလို့ ပြောချင်ပါတယ်။ ကျနော်တို့အသက်က အတိုင်းအတာ တခု ရောက်လာပြီ။ ကိုယ်က လုပ်ချင်ပေမယ့်လည်း စိတ်သွားတိုင်း ကိုယ်မပါတာမျိုးတွေ ရှိလာတယ်။ တကယ်တော်တဲ့ လူငယ်တွေ အများကြီး ပေါ်လာစေချင်တယ်။ Rock ဂီတကို ရူးသွပ်ကြတဲ့ လူငယ်တွေ ရှိတာကိုလည်း ဝမ်းသာပါတယ်”
“ကျနော်တို့တုန်းက မီဒီယာပိုင်း အားနည်းခဲ့လို့ လေ့လာရတာတွေ အခက်အခဲ ရှိခဲ့တယ်။ အခုခေတ်မှာ လေ့လာရတာ အရမ်းလွယ်ကူတယ်။ ကိုယ်တတ်ချင်တဲ့ စိတ်သာရှိရင် လေ့လာဖို့ အရမ်းလွယ်တယ်။ မျိုးဆက်သစ်တွေကို တတ်စေချင်တယ်၊ တော်စေချင်တယ်”လို့ စည်သူလွင်က ပြောပါတယ်။
အဆိုတော် စည်သူလွင်ကတော့ တေးသီချင်းများစွာ သီဆိုထားပြီး တကိုယ်တော် ဖျော်ဖြေပွဲများ၊ တကိုယ်တော် တေးအယ်လ်ဘမ်များစွာ ထွက်ရှိထားတဲ့ နိုင်ငံကျော် အဆိုတော်တဦး ဖြစ်ပါတယ်။
You may also like these stories:
မြန်မာသံ သီချင်းတွေ နားထောင်သူ နည်းလာတဲ့အကြောင်း ပြောပြတဲ့ အဆိုတော် မိုးထက်မြင့်
“သီချင်းဆိုပြိုင်ပွဲတွေကို ဝေဖန်ဖို့ မရှိပါဘူး” လို့ အဆိုတော်သျှီ ပြော