Natalia Escudero လို့ ခေါ်တဲ့ အဲဒီအမျိုးသမီး အလုပ်လုပ်ကိုင်တဲ့ ရုပ်သံလိုင်းဟာ ထီပေါက်စဉ်ကို တိုက်ရိုက်ထုတ်လွှင့် ကြေညာနေကျ ရုပ်သံလိုင်းတခု ဖြစ်ပါတယ်။ ခရစ္စမတ်ရဲ့ အထူးထီပေါက်ဆု စာရင်းမှာ လူ ၁၀ ဦး ပါဝင်ပြီး ၁၀ ဦးမြောက်ရဲ့ နာမည်ကို ကြေညာမယ့် အချိန်မှာ ဆုရှင်က သူကိုယ်တိုင် ဖြစ်နေတာ ဖြစ်ပါတယ်။
ခရစ္စမတ် ထီဆုတွေထဲက အများဆုံးဆုကို ရရှိခဲ့တာဖြစ်ပြီး သူဟာ တိုက်ရိုက်ထုတ်လွှင့်နေစဉ်မှာပဲ “မနက်ဖြန်တော့ အလုပ်မလာတော့ဘူး”ဆိုပြီး ပျော်ရွှင်စွာ ပြောခဲ့ပါတယ်။ သူ့ရဲ့ ဆုငွေကတော့ အမေရိကန်ဒေါ်လာ ၅,၅၀၀ ( မြန်မာကျပ် ငွေ ၈၁ သိန်းဝန်းကျင်) ခန့်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။
တိုက်ရိုက် ထုတ်လွှင့်မှု အပြီးမှာတော့ သူက တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ အလုပ်ထွက်မယ်လို့ ပြောခဲ့တဲ့အတွက် တောင်းပန်ကြောင်း စာရေးတင်ခဲ့ပါတယ်။
“ပြီးခဲ့တဲ့ လတွေက ကျမအတွက် အခက်အခဲတွေ အများကြီးရှိခဲ့တာ။ အခုလို စိတ်လွတ်ကိုယ်လွတ် မပြုံးရတာတောင် ကြာခဲ့ပါပြီ။ ဒီတခါတော့ ကျမ တကယ်ကို အားလပ်ရက် ခရီးထွက်ရတော့မှာဖြစ်လို့ အရမ်း ဝမ်းသာမိပါတယ်”လို့ Natalia Escudero က ပြောဆိုခဲ့ပါတယ်။
Ref. NY Post