“အိပ်မက်တွေ မိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲမှာ မိုရီဆာကီဝင်းနဲ့ အတူ တွဲဖက်သရုပ်ဆောင်ရတာ တကယ့်သမီးရည်းစားတွေလို ခံစားရတယ်လို့ နေခြည်ဦးက ပြောပါတယ်။
“မိုရီဆာကီဝင်းနဲ့သရုပ်ဆောင်ရတာ နေခြည် အရင်ကလည်း ပြောပါတယ်။ အရမ်းကို ပရော်ဖက်ရှင်နယ်လည်း ကျတယ်။ အလုပ်ကို အရမ်းအာရုံစိုက်တဲ့အတွက် နေခြည်အနေနဲ့လည်း သမီးရည်းစား ချစ်သူအနေနဲ့ သရုပ်ဆောင်ရတဲ့အခါ အဟန့်အတား တခု မရှိနေဘူး”
“သူ့ကို ကိုယ့်ရဲ့ချစ်သူအနေနဲ့ သူအဝေးတနေရာ သွားတဲ့အချိန်မှာ ခံစားရတဲ့ ခံစားချက်လေးတွေနဲ့ ရိုက်တဲ့အချိန်မှာပေါ့။ သူ့ဘက်ကလည်း နေခြည်ဘာလေးပဲလုပ်လုပ် သူ့ဘက်က ပြန်တုန့်ပြန်နိုင်တဲ့အား ရှိတယ်။ နေခြည်တို့ နှစ်ယောက်က သရုပ်ဆောင်တာနဲ့ မတူတာကို ဒါရိုက်တာရော၊ ပရိုဂျူဆာရောက ကြိုက်တယ်” လို့ နေခြည်ဦးက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲကိုတော့ ၂၀၂၀ ဖေဖော်ဝါရီမှာ MNTV ရုပ်သံလိုင်းမှာ ပြသသွားမှာဖြစ်ပြီး ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့လည်း အသည်းယားကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“MNTV မှာဖေဖော်ဝါရီကျ ပြရင်လည်း နေခြည်တို့ နှစ်ယောက်ကို သမီးရည်းစားအတွဲလေးလို မြင်ရမယ်လို့ ထင်ပါတယ်။ အသည်းယားမှာပါ။ နေခြည်တို့ Body Language လုပ်တာလေးတွေ လက်လေးတွေ ကိုင်တာလေးတွေက တကယ့် သမီးရည်းစားလို နေခြည် ကိုယ်တိုင်လည်း ခံစားရတယ်”
“တမင်သက်သက်ကြီး ပခုံးဖက်ထားတာ မဟုတ်ဘူး။ ဖက်ချင်တဲ့စိတ်ဖြစ်လာမှ ပခုံးလေး ဖက်လိုက်တယ်။လက်လေး ကိုင်လိုက်တယ်။ ဒါတွေအားလုံးကို ဒါရိုက်တာ ပွင့်သိဂီင်္ဇော်က ရအောင် ရိုက်ထားတဲ့အချိန်မှာ တကယ့်သမီးရည်းစားတွေလို ခံစားရပါတယ်”လို့ နေခြည်ဦးကပြောပါတယ်။
“အိပ်မက်တွေ မိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲကတော့ MNTV ရုပ်သံလိုင်းရဲ့ ပွဲဦးထွက် ဇာတ်လမ်းတွဲတခုဖြစ်ပြီး ဒါရိုက်တာ ပွင့်သိဂီင်္ဇော်က ရိုက်ကူးကာ သရုပ်ဆောင်များအနေနဲ့ မိုရီဆာကီဝင်း၊ နေခြည်ဦး၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ၊ မျိုးစန္ဒီကျော်၊ ရွှေရင်အေး၊ သဲနန္ဒာစိုး စတဲ့ သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။
နေခြည်ဦးအနေနဲ့လည်း ဒီဇာတ်လမ်းတွဲကို နောက်ဆုံးရိုက်ကူးပြီး အလုပ်များအားလုံးကို နားထားမှာဖြစ်ကာ ဖေဖော်ဝါရီလမှာတော့ အသစ်အသစ်တွေနဲ့ ပရိသတ်ရှေ့ကို ရောက်ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။
“လက်ရှိကတော့ ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃၀ ကတော့ အနားယူပြီပေါ့။ နေခြည် ဇန်နဝါရီ ၁ လလုံး နားမှာပါ။ နေခြည့် Personal (ကိုယ်ရေးကိုယ်တာ) လုပ်စရာရှိတာ လုပ်မှာဖြစ်တဲ့အတွက် ပရိသတ်တွေကိုတော့ နေခြည်က ဖေဖော်ဝါရီမှပဲ အတွေးသစ်၊ အမြင်သစ်တွေနဲ့ ပြန်လာမှာပါ” လို့ နေခြည်ဦးက ပြောပါတယ်။
နေခြည်ဦးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက Give Away ပေးတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာဖြစ်ပေါ်ခဲ့တဲ့အကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။
“ဒီကိစ္စကို မရှင်းတော့ဘူးလို့တောင် ထားထားတာ။ သူငယ်ချင်းတွေကတောင် ပြောတယ်။ နင်က G တွေနဲ့ အကျိုးပေးတယ်။ Gi Gi Hadid, Gucci, G Dragon ရယ် အဲဒါနောက်ဆို ကိုယ့်ဘာသာ သတိထားပေါ့” လို့ ပြောပါတယ်။
အဆိုပါ Give Away ပေးတဲ့ဂယက်ပြီးတဲ့အချိန်မှာတော့ မင်္ဂလာဆောင်တခုမှာ သူငယ်ချင်းများနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း Troller များက ပုံစံမျိုးစုံနဲ့ Troll ထားတာလည်း ရှိခဲ့ပါတယ်။
“အဲဒါက နေခြည်ရဲ့အစ်ကိုလို့တောင် ပြောလို့ရပါတယ်။ အရင်က စုံစမ်းမေးမြန်းခြင်း သည်းခံပါ ဆိုတာကလည်း အဲ့အစ်ကိုနဲ့ပဲ တင်တာ။ ပုံတင်လိုက်တဲ့အချိန်နဲ့ တဖက်မှာကလည်း အတိုက်အခိုက်များနေတဲ့အချိန်မှာ ပရိသတ်က ပြောစရာ ဖြစ်သွားတာပေါ့”
“နေခြည်က ဓာတ်ပုံရိုက်ရင် လှချင်တယ်လေ။ ပေါင်ပေါ်ချင်တယ်၊ လှချင်တဲ့အတွက် ကိုယ်ကလည်း ဘေးချင်းကပ် ပေါင်ပေါ်ချင်လို့ ရှေ့ကို တိုးလိုက်တာနဲ့ သူကလည်း ဘေးချင်းကပ်ဆိုတော့ ခွသလိုဖြစ်သွားတယ်။ တနိုင်ငံလုံးပတ်ခွ စကြာဝဠာပါ ပတ်ခွနေတော့ ကိုယ်ကလည်းအစကတော့ ကိုယ်ရုပ်ဆိုးတဲ့ပုံကြီးဘယ်လုပ်ချင်ပါ့မလဲ။ နောက်တော့အိမ်က အမေတွေကပါ လာပြတယ်။ အရမ်းရယ်ရတယ်ဆိုတော့လေ” လို့ နေခြည်ဦးက ပြောပါတယ်။
နေခြည်ဦးအနေနဲ့ကတော့ အဆိုပါ ဝေဖန်မှုများစွာနဲ့ မစိမ်းတော့တဲ့သူတယောက် ဖြစ်နေပြီး သူ့ဘက်မှာတော့ အခိုင်အမာ ရပ်တည်ပေးနေတဲ့ Chillies (နေခြည်ဦးရဲ့ ပရိသတ်များ) ကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့ပါတယ်။
You may also like these stories:
Instagram မှာ ခန္ဓာကိုယ်အသားပေး ဖော်တဲ့ပုံတွေ တင်ဖြစ်တဲ့ နေခြည်ဦး
Beauty Blogger နေခြည်ဦးလို ယုံကြည်မှု ရှိချင်တဲ့ သရုပ်ဆောင် ခြူးလေး
ပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ကားတွေ ရုံတင်မြန်တဲ့အကြောင်း ပြောပြတဲ့ နေခြည်ဦး