အမေရိကန်နိုင်ငံမှာ ဆေးရွက်ကြီးထုတ်ကုန်တွေကို တရားဝင်ဝယ်ယူနိုင်တဲ့ အသက်ကန့်သတ်ချက်ကို ၂၁ နှစ် ထိ တိုးမြှင့်လိုက်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကိုယ်တိုင် အရင်ပတ်က လက်မှတ်ထိုးခဲ့အပြီး မှာတော့ အခုလို တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့မှာ FDA က သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ် စာမျက်နှာကတဆင့် ဆေးရွက်ကြီး နဲ့ဆိုင်တဲ့ စီးကရက်၊ ဆေးပြင်းလိပ်၊ e-cigarettes စတဲ့ ထုတ်ကုန်တွေကို အသက် ၂၁ နှစ်ပြည့်မှသာ တရားဝင် ဝယ်ယူနိုင်တော့ မယ်လို့ ဖော်ပြထားပါတယ်။
သမ္မတ ထရန့်ကလည်း သူ့ကိုယ်ပိုင် တွစ်တာစာမျက်နှာမှာ “တရားဝင်ဆေးလိပ် ဝယ်ယူသောက်သုံးခွင့်ကို အသက် ၂၁ နှစ်ထိ ထပ်တိုးကန့်သတ်လိုက်ပါတယ်။ ဒါဟာ ကျနော်တို့ ပြောင်းလဲပြင်ဆင်မယ့် ကိစ္စတွေထဲက တခုပါပဲ” လို့ ရေးသားထားပါတယ်။
အဆိုပါ ဆေးလိပ်သောက်သုံးခွင့် တိုးမြှင့်ကန့်သတ်ရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေးတင်ပြနေကြတာ ကြာ နေပါပြီ။ အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီး အဓိကဦးဆောင်သူကတော့ ကန်တက်ကီက Republican အမတ်တဦး ဖြစ်တဲ့ Mitch McConnell အပြင် Mitt Romney နဲ့ Democrats ပါတီဘက်က အီလီနွိုက်ပြည်နယ် အမတ် Richard Durbin ၊ ဗာဂျီးနီးယားက Tim Kaine နဲ့ ဟာဝိုင်အီက Brian Schatz တို့လည်း ပါဝင်ဆောင်ရွက်ခဲ့ ပါတယ်။
အဆိုပါ ဥပဒေပြုလွှတ်တော်အမတ်တွေက ကိုယ်နည်းကိုယ်ဟန်နဲ့ ကြိုးစားရင်း စုစည်းမိကာ အစိုးရထံက ခွင့် ပြုချက်ရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဥပဒေသစ်ဟာ အမေရိကန်အစိုးရအတွက် ကျန်းမာရေးဆိုင်ရာ အောင်မြင်မှုအကြီးစားတရပ်ဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမေရိ ကန်ပြည်ထောင်စုရဲ့ ပြည်နယ်အချို့မှာ ကိုယ်ပိုင်ဥပဒေတွေနဲ့ ဆေးရွက်ကြီး တရားဝင်ဝယ်ယူသုံးစွဲခွင့်ကို အသက် ၂၁ နှစ်ထိ ကန့်သတ်ထားကြပေမယ့် တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အခုမှ ထုတ်ပြန်ကြေညာနိုင်တာပါ။
သမ္မတထရန့်ကလည်း ယခင်ကတည်းက ဆေးရွက်ကြီးနဲ့ e-cigarette ထုတ်ကုန်တွေကို တရားဝင်ဝယ်ယူ သုံးစွဲခွင့်ကို အသက် ၂၁ နှစ်ထိ တိုးမြင့်ကန့်သတ်ထားချင်တဲ့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။ စက်တင်ဘာလတုန်း က သမ္မတ ထရန့်က နိုင်ငံတဝှမ်းက e-cigarette ရောင်းချမှုကို ကန့်သတ်ဖို့ အမေရိကန်အစားအသောက်နဲ့ ဆေးဝါးဌာနကို ပြောခဲ့ဖူးပါတယ်။
ဒါကြောင့်လည်း ကျန်းမာရေးအဖွဲ့စည်းတွေက လူငယ်တွေကြား ခေတ်စားလာတဲ့ e-cigarette တွေကို ကန့်သတ်ဖို့ ဖိအားပေးခဲ့ကြပါတယ်။ စစ်တမ်းကောက်ယူမှုအရ အထက်တန်းကျောင်းတွေမှာ နီကိုတင်းပါတဲ့ e-cigarette သောက်သုံးမှုဟာ လေးယောက်မှာ တယောက်ထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
Ref: edition.cnn
You may also like these stories:
ကမ်းခြေက အမှိုက်တွေ ကောက်ပေးရင် ဆေးခြောက် တလိပ်တိုက်တဲ့ ဂျမေကာ Hostel
အီး-စီးကရက် သောက်သုံးသူတွေကို ဖမ်းဆီး အရေးယူတော့မယ့် ဖိလစ်ပိုင်နိုင်ငံ
ဆေးလိပ်မီးခိုးကင်းမဲ့မြို့တော် ဖြစ်လာတော့မယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဘတ်တန်ဘန်းမြို့