Myanmar Idol ပြိုင်ပွဲဝင်ဟောင်း တဦးဖြစ်တဲ့ ငွေဇင်လှိုင်းကတော့ မကြာခင် ကျင်းပမယ့် Myanmar Idol Season 4 Grand Final ပွဲနဲ့ ပတ်သက်ပြီး Winner ဘယ်သူပဲ ရရ အားပေးတယ်လို့ ဆိုပါတယ်။
“ခရစ္စမတ်ပွဲရှိနေလို့ သီချင်းတိုက်နေတာနဲ့ သွားမကြည့်ဖြစ်ဘူး။ တီဗီကနေကြည့်မယ်ဆိုလည်း သူတို့ အသံတွေ နားမထောင်ရဲဘူး။ တီဗီရှေ့ကနေ နားကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေတာ။ အရမ်းလည်း အရှိန်တက်လာပြီဆိုတော့ ဖိုင်နယ်တော့ သွားကြည့်ဖြစ်မှာပါ။ ၃ ယောက်ဆိုတော့ အကြိတ်အနယ်ပဲ။ ကျန်တဲ့ ၃ ယောက်လုံးလည်း တော်တယ်။ ၁၁ ယောက်လုံးကလည်း တော်တယ်”
“အခု ပြိုင်ပွဲဝင်တွေက ပညာရည် ပြည့်ဝသူတွေ၊ ကိုယ်ပိုင်စတိုင်တွေလည်း ရှိတယ်။ မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေး တယောက်ဆိုတော့ ပိုပြီးတော့ ကြည့်ကောင်းမှာပါ။ ၃ နှစ်တောင် ယောက်ျားလေး Winner ပဲ ဖြစ်ခဲ့တော့ ပရိသတ်တွေလည်း မိန်းကလေး Winner မျှော်နေမှာပေါ့။ မိန်းကလေး Winner ဖြစ်ရင်လည်း တမျိုးလေး ဆန်းသွားမှာပေါ့။ နှစ်ယောက် တယောက်ဆိုတော့ ဘက်ဂျမင်လည်း အားမမျှဘူး ဖြစ်နေတယ်။ ဘယ်သူပဲရရ အားပေးပါတယ်”လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
ပြိုင်ပွဲဝင်ဟောင်း တယောက်အနေနဲ့ ပြိုင်ပွဲဝင်တွေကို အကြံပေးစကားဆိုခဲ့သလို Voting စနစ်နဲ့ ပတ်သက်ပြီးလည်း ငွေဇင်လှိုင်းက သူ့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။
“ပြိုင်ပွဲပြီးလို့ အနုပညာလမ်းလျှောက်လှမ်းရင် အရမ်းခက်ခဲပါတယ်။ အဲ့အတွက် အားမွေးထားပါ။ အခုပြိုင်ရမယ့် အချိန်မှာလည်း အကောင်းချပြခဲ့ပါလို့။ စင်ပေါ်မှာ ပြိုင်နေရတဲ့ အချိန်လေးက ငွေဇင်တို့ ပြန်လိုချင်ရင်တောင် မရနိုင်တော့တဲ့အတွက် အဲ့အချိန်လေးကို တန်ဖိုးထားယှဉ်ပြိုင်ကြဖို့ ပြောချင်ပါတယ်”
“Voting စနစ်ကို ဘယ်လိုမြင်မိလဲဆို ယောက်ျားလေးတွေက Voting မပေးဘူး။ မိန်းကလေးတွေက Voting ပေးတယ်။ ယောက်ျားလေးတွေက ကြိုက်ရင် သူတို့စိတ်ထဲကနေပဲ ကြိုက်ကြတယ်။ မိန်းကလေးကကြိုက်ပြီဆိုရင် သူ့ကို ချစ်တယ်၊ သူ့ကို Vote မယ်ဆိုပြီး Vote တော့ အဲ့မှာ ဆုံးဖြတ်ပေးသွားတယ်ထင်ပါတယ်”လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင် အဆိုတော် ငွေဇင်လှိုင်းကတော့ သီချင်းတွေဆိုရင်း ပိုက်ဆံစုကာ တကိုယ်တော် အခွေထွက်နိုင်အောင် ကြိုးစားနေတဲ့သူ တယောက် ဖြစ်ပါတယ်။
You may also like these stories:
“Myanmar Idol မှာ ပရိသတ် ရွေးပေးတဲ့သူက Winner ဖြစ်မှာပဲ”လို့ တင်ဇာမော် ပြော
Myanmar Idol ပြိုင်နေတဲ့ သူငယ်ချင်း အေးမြဖြူကို အားပေးစကား ပြောလိုက်တဲ့ ခင်ပိုးပန်းချီ
“နှာခေါင်းနဲ့ Vote မပေးနဲ့ပြောလည်း ပရိသတ်က သူကြိုက်တာ သူပေးနေမှာပဲ”လို့ ပိုးမီ ပြော