အဆိုတော် တင်ဇာမော်ကတော့ New Year ညမှာ ပြုလုပ်မယ့် “Party with Tin Zar Maw” ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ရင်ခုန်နေတယ်လို့ ဆိုပါတယ်။
“ပွဲအတွက်ကတော့ ရင်ခုန်တယ်။ New Year ဖြစ်တဲ့အတွက် ခရီးတွေလည်း သွားကြတယ်၊ ပွဲတွေလည်း များကြမှာ။ ဘယ်ပရိသတ်က ကိုယ့်ဆီကို ပြေးလာမှာလဲဆိုပြီးတော့ တွေးရင်းနဲ့ စိတ်လှုပ်ရှားတယ်။ ရောက်လာနိုင်မယ့် ပရိသတ်နဲ့ New Year ကို ပျော်စရာ အကောင်းဆုံး ဖြစ်အောင် ဖန်တီးထားတယ်။ ဒါကြောင့် မျှော်နေပါတယ်”လို့ တင်ဇာမော်က ပြောပါတယ်။
တင်ဇာမော်ရဲ့ “Party with Tin Zar Maw” ဖျော်ဖြေပွဲကိုတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ည၊ ရန်ကုန်မြို့၊ Sky Star ဟိုတယ်မှာ ပြုလုပ်မှာဖြစ်ပြီး လက်မှတ်များကို သတ်မှတ်အရေအတွက်နဲ့သာ ရောင်းချသွားမယ်လို့ သိရပါတယ်။
“နေရာကိုတော့ Sky Star ဟိုတယ်ကို ရွေးချယ်ထားပါတယ်။ လူဦးရေ ထောင်ချီပြီး ဆန့်တဲ့နေရာတော့ မဟုတ်ဘူး။ လက်မှတ်ကိုလည်း သတ်မှတ်ထားတဲ့ အရေအတွက်ကုန်ပြီဆိုရင် ဆက်မရောင်းတော့ပါဘူး။ ဝင်ခွင့်လည်း ပေးမှာ မဟုတ်ပါဘူး။ ပွဲအနေအထားကြောင့်ပါ။ ကျမ ပွဲကိုလာတဲ့ ပရိသတ်တွေနဲ့ အတူတူ ရှိနေမှာပါ။ ပွဲချိန်ကိုလည်း ၈ နာရီစဖို့ သတ်မှတ်ထားပါတယ်”
“ည ၁၂ နာရီ Countdown ပြီးတဲ့အထိ ဆက်သွားမှာဖြစ်သလို ၁၂ နာရီကျော်ရင် အပေါ်မှာရှိတဲ့ Angle Bar မှာ Club ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ လက်မှတ်ပြရင် သူတို့ ပေးဝင်မှာပါ။ အစားအသောက်ကိုတော့ ဟိုတယ်က တာဝန်ယူ ရောင်းချပေးမှာပါ။ လက်မှတ်ထဲမှာပါတဲ့ အရာတွေက ဖျော်ဖြေရေးအစီအစဉ်တွေအားလုံးပါတယ်၊ Bar ဝင်ခွင့်ပါမယ်။ ပွဲပြီးလို့ မပြန်ချင်တော့ဘူးဆိုရင်တော့ Sky Star ဟိုတယ်မှာ အခန်းငှားမယ်ဆိုရင် ၂၅ ရာခိုင်နှုန်း Discount ပေးပါလိမ့်မယ်။ အဲဒီ တည အတွက်ပေါ့”လို့ တင်ဇာမော်က ပြောပါတယ်။
ပွဲနေ့မှာ ပါဝင်ဖျော်ဖြေမယ့် ဖျော်ဖြေရေး အစီအစဉ်တွေ အကြောင်းကိုလည်း တင်ဇာမော်က အခုလိုပဲ ဆိုပါတယ်။
“ဖျော်ဖြေရေးအစီအစဉ်မှာတော့ ဂျိုကာတွေ ပါမယ်၊ Dancer တွေ ပါမယ်၊ DJ အစီအစဉ် ပါမယ်။ ကာရာအိုကေ Section ပါမယ်။ ရွှေမိုး ငွေမိုး ကြဲမယ့် အစီအစဉ် ပါမယ်။ ကံစမ်းမဲဖောက်မယ့် အစီအစဉ်တွေ ပါမယ်။ ဦးစက္ကောမရဲ့ မျက်လှည့် အစီအစဉ် ပါမယ်။ သူ့ရဲ့ မျက်လှည့်နဲ့ ကျမရဲ့ ပွဲထွက်က ဘယ်လိုဖြစ်မလဲ ရင်ခုန်စရာပါ”
“ကျမ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ အိုစမာ မာလာခင်ကို ကျမ သီချင်းနဲ့ ကဖို့ ဖိတ်ထားတယ်။ DJ ကလည်း ကျမရဲ့ သီချင်းတွေကို Create လုပ်မယ်။ အခုရိုက် အခုယူ Photo Booth ထားဖို့လည်း ပါတယ်။ အဲဒါက Free ။ ပွဲနေ့မှာ အကောင်းဆုံး ကြိုးစားသွားမယ်။ အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်မယ်လို့ အားတင်းထားတယ်။ ကြိုးစားရမယ်လို့လည်း သံပတ်ပေးထားတယ်”လို့ တင်ဇာမော်က ပြောပါတယ်။
အဆိုတော် တင်ဇာမော်ကတော့ ၁၉၉၅ ခုနှစ်က စပြီး ဂီတအလုပ်တွေ လုပ်ဆောင်ခဲ့သူဖြစ်ပြီး တကိုယ်တော်အခွေတွေ၊ တကိုယ်တော် ဖျော်ဖြေပွဲတွေ များစွာ ပြုလုပ်ခဲ့ပါတယ်။ တင်ဇာမော်က Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 2 ကနေ Season 4 အထိ အကဲဖြတ်ဒိုင်တဦး အနေနဲ့လည်း ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။