မကြာခင်မှာ ဆယ်စုနှစ်တခုရဲ့ အဆုံးသတ်ကို ရောက်ရှိပါတော့မယ်။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းမယ်ဆိုတာ အပြောပဲ လွယ်တာပါ။ ကိုယ်တိုင်လုပ်ဆောင်ဖို့တော့ တော်တော်ကို ခက်ခဲတဲ့ အရာတခုဖြစ်ပါတယ်။ ဒါကြောင့် နှစ်သစ်ကို ရောက်လို့ ချက်ချင်းစိတ်ကို ပြောင်းလဲတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းချင်း ချန်ထားခဲ့တာက ပိုပြီး လွယ်ကူမှာပါ။
အပြောင်းအလဲသေးသေးလေးတွေကလည်း သင့်ဘဝကို အများကြီးပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် ၂၀၂၁ တနှစ်လုံးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ နှစ်ဟောင်းမှာ ချန်ရစ်ခဲ့ရမယ့် အရာတွေကို ဖော်ပြပေေးချင်ပါတယ်။
(၁) အဆိပ်အတောက်ဖြစ်စေသူများ
တခါတလေမှာ ကိုယ့်အနီးအနားက လူတချို့ဟာ ကိုယ့်ရဲ့ စိတ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ သူတို့နဲ့ အဆက်အသွယ် ပြုလုပ်လိုက်မိချိန်တိုင်းမှာ သင့်ရဲ့ လက်ရှိနေထိုင်မှုကို ချွတ်ချော်ပြောင်းလဲသွားစေနိုင်တဲ့ ဆက်ဆံရေး တိုင်းကို စွန့်ခွာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အချစ်ရေးနဲ့ လုပ်ငန်းလုပ်ဆောင်ရာမှာ ဒီလို စိတ်အနှောင့်အယှက် ပေးသူတွေကို ထားခဲ့လိုက်ဖို့ အကြံပြုချင်ပါတယ်။ သင်ကိုယ်တိုင်က သူများအတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုရင် သင့်ရဲ့ အကျင့်တွေကို ပြုပြင်ဖို့ လိုပါတယ်။
(၂) တကိုယ်ရေ အကျင့်ဆိုးများ
စောစောမအိပ်တာ၊ အစားစားချိန်မမှန်တာနဲ့ ကတိမတည်တာ စတဲ့ အကျင့်ဆိုးလေးတွေကို တတ်နိုင်သလောက် လျှော့ချ ပေးဖို့ လိုပါတယ်။ ကျန်းမာရေးအတွက် မကောင်းမှန်းသိရက်နဲ့ သောက်စားပျော်ပါးတာမျိုးကို လျော့ချပြီး စာအုပ်ဖတ်တာ ဒါမှမဟုတ် ရုပ်ရှင်ကြည့်တာ စတဲ့ သင်ဝါသနာပါတဲ့ အရာတွေကို အချိန်ပေးလုပ်ကိုင်ခြင်းဖြင့် ပျော်ရွှင်မှုကို ရှာဖွေကြည့်ပါ။
(၃) ကြိုးစားလိုစိတ် မရှိတာ
အသက်အရွယ်က တနှစ်ထက်တနှစ် ကြီးလာတာပဲ ရှိပါတယ်။ တဖြည်းဖြည်းနဲ့ မိသားစုအတွင်းမှာ သင်တာဝန်ယူပြီး လုပ်ကိုင်ရမယ့် အရာတွေ ရှိလာပါပြီ။ ဒါကြောင့် ပျင်းနေတာ၊ အကြောင်းပြချက်ပေးနေတာမျိုးကို ရပ်တန့်လိုက်ဖို့ အချိန်တန်ပါပြီ။ သင်က ကျောင်းသားတဦးဖြစ်လို့ ဘယ်အရာကို တာဝန်မယူရသေးဘူးဆိုရင်တောင် ကျောင်းစာမှာ တာဝန်ကျေပွန်အောင် လုပ်သင့်ပါတယ်။ ဒါကလည်း မိသားစုကို ကူညီခြင်း တမျိုးပါပဲ။
(၄) အလုပ်လုပ်လွန်းခြင်း
အခုခေတ်မှာတော့ အလုပ်လုပ်လွန်းခြင်းဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုဖြစ်ပါတယ်။ အလုပ်လုပ်လွန်းတာကြောင့် မိသားစုကို အချိန်မပေးဖြစ်တဲ့ အကျင့်ကို ဂရုစိုက်ပြီး ပြုပြင်ဖို့ လိုအပ်ပါတယ်။ ခေတ်အနေအထားအရ အလုပ်ကို အရမ်းကြိုးစားမှာ နေရာတနေရာ ရမယ်ဆိုတာ မှန်ပေမယ့် သင့်ကျန်းမာရေးနဲ့ သင့်မိသားစုကို ပစ်ထားမိတဲ့ အထိ အလုပ်လုပ်လွန်းတာက မကောင်းပါဘူး။
(၅) နောင်တများ
နောင်တတွေကြားမှာ နေထိုင်ပြီး ဘဝကို ရှေ့ဆက်ဖို့ ခက်ခဲအောင် ပြုလုပ်နေတဲ့ အတွေးတွေကို ထားခဲ့လိုက်ပါ။ အလုပ်တွေကို တာဝန်ယူပြီး ပြုလုပ်ဖူးတဲ့သူတွေမှသာ အမှားဆိုတာကို ကြုံတွေ့ရတာဖြစ်လို့ အဲဒီအမှားတွေအတွက် နောင်တရစရာ မလိုပါဘူး။
၂၀၂၁ မှာ အမှားတွေထဲက အဖြေကို ရှာဖွေပြီး ပိုကောင်းတဲ့ ဘဝကို သွားနိုင်အောင် ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်။ အခုဖော်ပြပေးတဲ့ အရာတွေကို ချက်ချင်းမဟုတ်ဘဲ တခုချင်းစီ ခပ်ဖြည်းဖြည်း ပြင်ဆင်သွားမယ်ဆိုရင် သင့်ဘဝက အဆင်ပြေလာမှာ သေချာပါတယ်။
Ref;southcoastmedgroup