မြန်မာနိုင်ငံရဲ့ ပွဲအဆူဆုံးသီချင်းဆိုပြိုင်ပွဲလို့ ပြောလို့ရတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးဟာ Live သီဆိုယှဉ်ပြိုင်မှု ၉ပတ်မြောက်မှာ ပြီးဆုံးလို့သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
ယခုနှစ်မှာတော့ ပရိသတ်ရင်ထဲက Idol ကိုရွေးချယ်ပေးခဲ့တဲ့ ဒိုင်လူကြီး ၃ဦးတို့ဟာ အတွဲညီညီနဲ့ နောက်ဆုံးအချိန်ထိ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို အဘက်ဘက်က ရယူသွားနိုင်ခဲ့တာကို တွေ့ရပါတယ်။
Season 4 စတင်ခဲ့တဲ့အချိန် မြို့ကြီး ၅မြို့သို့သွားရောက်ကာ ပြိုင်ပွဲဝင်များကို ရွေးချယ်စဉ်ကတည်းက အကဲဖြတ်ဒိုင်များရဲ့အတွဲအစပ်မိခဲ့တာပဲဖြစ်ပါတယ်။
အထူးသဖြင့် ဒီကနှစ်မှာ ဒိုင်အဖြစ်ပါဝင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်များဟာဆိုရင်လည်း ပြိုင်ပွဲစတင်စဉ်ကတည်းက ပရိသတ်များကိုဖမ်းစားနိုင်ခဲ့ပါတယ်။
ဖြူဖြူကျော်သိန်းကတော့ Grand Final ညမှာ ဝတ်စုံ ၃စုံနဲ့ပွဲထွက်ခဲ့ပြီး ပထမဆုံးဝတ်ဆင်ခဲ့တဲ့ ထာဝရဝိန့်စိန်မှ ရွှေသား အစစ်များပါဝင်တဲ့ဝတ်စုံကိုဝတ်ဆင်ခဲ့တာပါ။ ဒီဝတ်စုံကိုတော့ ဒီဇိုင်နာကောင်းမြတ်က ဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ထောင်ချီက အီဂျစ်နန်းတွင်းချပ်ဝတ်တန်ဆာများကို Inspire ယူကာမြန်မာ့ရိုးရာရွှေပန်းထိမ်ပညာနဲ့ ပေါင်းစပ်ထားတာပါ။ အချိန် ၄၅ရက်အတွင်း ပုံဖော်ချုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီဝတ်စုံဟာဆိုရင် ရွှေသားစစ်စစ်ဖြင့် ငွေကျပ် သိန်း ၈၀၀ ကျော်တန်ဖိုးရှိပြီး ပြိုင်ပွဲတလျှောက် တန်ဖိုးအမြင့်ဆုံး ဝတ်စုံလို့လည်းပြောလို့ရပါတယ်။
ပြိုင်ပွဲတလျှောက်မှာလည်း ဖြူဖြူကျော်သိန်းဟာ ဒီဇိုင်နာများရဲ့ ဒီဇိုင်းမျိုးစုံကို ဝတ်ဆင်ပြသခဲ့သူဖြစ်ပြီး ဒီဝတ်စုံတွေထဲကမှ Grand Final မှာဝတ်ခဲ့တဲ့ ဝတ်စုံနဲ့ Rock Week မှာဝတ်ဆင်ခဲ့တဲ့ ကယန်းလှပျိုညိုလေးရဲ့ အခြားကမ္ဘာက ဂြိုဟ်သားတို့ မေတ္တာသက်ဝင်ပြီး မွေးဖွားလာတဲ့ Alien ဖက်ရှင်ဟာဆိုရင် Troller များ ၊ ရုပ်ပြောင်ပန်းချီဆရာများရဲ့ ပြစ်မှတ် တခုဖြစ်ခဲ့ပါတယ်။
ဖြူဖြူကျော်သိန်းအပြင် ဒိုင်နောက်တဦးဖြစ်တဲ့ တင်ဇာမော်ဟာလည်း Grand Final ပွဲကြီးမှာ ပရိသတ်များ ဆန်းစေတဲ့ဖက်ရှင်၊ ဆံပင်ပုံစံတွေနဲ့ ပွဲထွက်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။
သူမရဲ့ဒီဇိုင်းကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှ Troller များရဲ့ Troll ခြင်းကိုခံခဲ့ရပါတယ်။ ဒီလို Troll ရတဲ့အကြောင်းကတော့ သူမရဲ့ ဆံပင်ဒီဇိုင်းကြောင့်ပဲဖြစ်ပါတယ်။
Grand Final နေ့မှာတော့ တင်ဇာမော်ရဲ့ မိတ်ကပ်ပြင်ဆင်မှုကို မထက်(Pop Soul) ကပြင်ဆင်ပေးထားတာဖြစ်ပြီး ဒီဇိုင်နာမပုံ့ရဲ့ ဒီဇိုင်းများကို ဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။
ဒီနှစ်ရဲ့ Myanmar Idol Season 4 မှာတော့တခြားနှစ်များထက် ဒိုင်များအပေါ်စိတ်ဝင်စားမှုများရရှိခဲ့ပါတယ်။ အောင်ကိုလတ် ၊ တင်ဇာမော် ၊ ဖြူဖြူကျော်သိန်းတို့ရဲ့ အတွဲညီမှုကြောင့် ပြိုင်ပွဲဝင်များနဲ့လည်း ဒိုင်များကြား ပဋိပက္ခကင်းတဲ့ Season တခုဖြစ်ခဲ့ပါတယ်။
Myanmar Idol Season 1 မှာတော့ မေဆွိ ၊ ချမ်းချမ်း ၊ ရဲလေး ၊ Season 2 မှာတော့ မြန်မာပြည်သိန်းတန် ၊ မေဆွိ ၊ တင်ဇာမော် ၊ Season 3 မှာတော့ မြန်မာပြည်သိန်းတန် ၊ ရန်အောင် ၊ မျိုးကျော့မြိုင် ၊ တင်ဇာမော်တို့က အကဲဖြတ် ဒိုင်အဖြစ်ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။
ယခုနှစ်အတွက် Winner ကို ချင်းတိုင်းရင်းသူ အက်စတာဒေါ့သ်ချင်းဆုန်ကို ရွေးချယ်လိုက်တဲ့အချိန်မှာလည်း ဝေဖန်မှုများစွာမြင့်တက်လျက်ရှိပြီး တဖက်မှာလည်း ပရိသတ်အကြိုက်နဲ့ထပ်တူညီခဲ့ပါတယ်။
You may also like these stories:
Myanmar Idol ပြိုင်နေတဲ့ သူငယ်ချင်း အေးမြဖြူကို အားပေးစကား ပြောလိုက်တဲ့ ခင်ပိုးပန်းချီ
“သီချင်းဆို ပြိုင်ပွဲတွေထဲမှာ Myanmar Idol က ပွဲအဆူဆုံးပြိုင်ပွဲ”လို့ ဖြူဖြူကျော်သိန်း ပြော
Myanmar Idol ပွဲကျင်းပရာ နေရာကို ဝင်ခွင့် မရတဲ့အကြောင်း ပြောပြတဲ့ ဖြိုးမြတ်အောင်