အသက်အရွယ်ဆိုတာ တရုတ်မင်းသားကြီး ဂျက်ကီချန်းနဲ့ အမေရိကန်မင်းသားကြီး အာနိုးရှာဝါဇနက်ဂါတို့ အတွက်တော့ ကိန်းဂဏန်းမျှသာ ဖြစ်ပါတယ်။ အခုတော့ ကမ္ဘာကျော်အက်ရှင် မင်းသား နှစ်ဦးပါဝင်ထားတဲ့ “The Iron Mask” ရုပ်ရှင်အတွက် အမြည်းဗီဒီယိုတခု ထွက် ရှိလာပါတယ်။
“Viy 2: Journey to China” ဆိုတဲ့ နာမည်နဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကတည်းက ရုံတင်ဖို့ စီစဉ်ထားခဲ့တဲ့ အဲ့ဒီရုပ်ရှင်မှာတော့ အသက် ၆၅ နှစ်အရွယ်မင်းသားကြီး ချန်းနဲ့ အသက် ၇၂ နှစ်အရွယ် မင်းသားကြီး အာနိုးတို့ကို ပထမဆုံးအကြိမ်အနေနဲ့ မြင်တွေ့ကြရမှာလည်း ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်အတွက် ဇာတ်လမ်းအကြောင်းအရာမှာတော့ ‘The Iron Mask’ ရုပ်ရှင်ဟာ ဂျက်ကီချန်းနဲ့ အာနိုးတို့က အသက်ရှုမှားလောက်ဖွယ် တိုက်ခိုက်မှုတွေနဲ့ ရင်သပ်ရှုမောဖွယ် အထူးပြုလုပ်ချက်တွေ ပါဝင်တဲ့ ထူးခြားဆန်းကြယ် သမိုင်းနောက်ခံ ဇာတ်လမ်းမှာ ပါဝင်ထားကြပါတယ်ဆိုပြီး ဖော်ပြထားပါတယ်။
၁၈ ရာစုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ အဲ့ဒီဇာတ်လမ်းမှာတော့ အင်္ဂလိပ်ခရီးသွား Jonathan Green ဟာ ရုရှားနိုင်ငံကနေ တရုတ်နိုင်ငံဆီကို ခက်ခဲကြမ်းတမ်းစွာနဲ့ ခရီးထွက်လာခဲ့သူ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကို ရောက်ရှိတဲ့အချိန်မှာတော့ ဒဏ္ဍာရီလာ နဂါးတွေ၊ မှော်ပညာရှင်တွေ၊ နဂါးဘုရင်ကြီးနဲ့ပါ တွေ့ဆုံခဲ့ရပါတယ်။ အဲ့ဒီနောက် ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေကို တလှေကြီး ကြုံတွေ့ခဲ့ရပြီးတဲ့နောက် အသက်လု တိုက်ပွဲဝင်ရမယ့် စွန့်စားလမ်းခရီးရှည်ကို ဖြတ်သန်းခဲ့ရပါတယ်။ အခုဇာတ်လမ်းမှာ အဲ့ဒီ အက်ရှင်မင်းသားကြီး နှစ်ဦးအပြင် Charles Dance နဲ့ Jason Flemyng တို့လည်း ပါဝင်ထားကြပါတယ်။
ဒါရိုက်တာ Oleg Stepchenko ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်ဇာတ်ညွှန်းကိုတော့ ဒါရိုက်တာ Oleg အပါအဝင် ရုရှား ဇာတ်ညွှန်းရေးဆရာတွေ ဖြစ်ကြတဲ့ Dmitri Palees နဲ့ Alexey Petrukhin တို့က ရေးသားပေးထားကြပါတယ်။ “The Iron Mask” ရုပ်ရှင်ကို တရုတ်နိုင်ငံအပါအဝင် ကမ္ဘာအနှံ့အပြားမှာ လာမယ့် ဧပြီလ ၁၀ ရက်နေ့ကျရင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories:
ဒါရိုက်တာ Bong Joon-ho နဲ့အတူ အော်စကာဆုကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့လို့ Honey Lee ဝေဖန်ခံရ
Spotify မှာ ထိပ်တန်းအချစ်သီချင်းအဖြစ် John Legend ရဲ့ ‘All of Me’ သီချင်း သတ်မှတ်ခံရ
အာလာဒင် နောက်ဆက်တွဲ ရုပ်ရှင် Disney စတင် ရိုက်ကူးနေပြီဖြစ်