အဆိုတော် AR-T နဲ့ Mary သီဆိုထားတဲ့ Silent သီချင်းကို ရေးသားပေးထားတဲ့ တေးရေး ဝေကြီးက Music Video ပြန်ကြည့်ချိန်မှာ ယောကျာ်းလေးချင်း နမ်းတဲ့အခန်းတွေ ပါဝင်တာကြောင့် အံ့သြပြီး လန့်သွားမိတယ်လို့ ဆိုပါတယ်။
“Silent သီချင်းမှာ ကျနော်က နာကျင်နေတာကို ပြောမထွက်ဘူးဆိုတဲ့ သဘောမျိုးလေးပဲ ရေးထားပေးတာ။ AR-T မွှေတာ။ သူက အိုင်ဒီယာ အရမ်းကောင်းတော့ သူဘာသာ Music Video ရိုက်ပြီးမှ ကျနော်လည်း ကြည့်ရတာ။ ကျနော် ကြည့်လိုက်ချိန်မှာ မျက်လုံး ပြူးသွားတယ်။ လန့်သွားတယ်။ ဒါပေမဲ့ အရမ်း အိုင်ဒီယာ ကောင်းပါတယ်။ ကျနော်ရေးထားတာက ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် နာကျင်နေတဲ့ အခါကျရင် တိတ်တိတ်လေး ခံစားရတာတွေရှိတယ်။ အဲ့ဒါမျိုးကို ရေးတာပါ”
“Music Video ပြန်ကြည့်တဲ့အခါ ကျနော် ရေးထားတဲ့ ပုံစံမျိုး ရိုက်ထားတာ မဟုတ်ဘူး။ ကျနော်တောင် သူရိုက်ထားတဲ့ ပုံစံမျိုးရေးမိတာလားလို့ တွေးမိတယ်။ သူ့အနေနဲ့ ချပြလိုက်ချိန်မှာ ပရိသတ်က စိတ်ဝင်စားသွားတာပေါ့။ ဘယ်လိုဆိုပြီး ဘယ်လိုရိုက်မယ်ဆိုတာလည်း ကျနော် ဘာမှ မသိပါဘူး။ နောက်ထပ်ပြီး ဘာလာမလဲ ဆိုတာလည်း မသိဘူး။ သူကအရမ်း Surprise လုပ်တယ်။ ဆိုထားပြီးသား အကြမ်းလေး နားထောင်ချင်တာတောင် ပေးနားမထောင်ဘူး”လို့ ဝေကြီးက ပြောပါတယ်။
တေးရေး ဝေကြီးက အဆိုတော် AR-T အပေါ် အမြင်ကိုလည်း အခုလိုပဲ သုံးသပ်ထားပါတယ်။
“AR-T က သီချင်းဆို တော်တဲ့ထဲမှာ ပါတယ်။ သီချင်းကို ရာခိုင်နှုန်း မြင့်အောင် ဆိုတတ်တဲ့ အသံ ပါရမီရှင်ထဲမှာ ပါတယ်။ ကြိုးစားအားထုတ်မှုလည်း ရှိတယ်။ “ငါ့ကို မချစ်ဘူး” ထွက်တယ်။ ပြီးတော့ ကြားထဲမှာလည်း ၂ ပုဒ်လောက် ထွက်သေးတယ်။ ပြီးတော့ “Silent” ထွက်တယ်။ နှစ်ကုန်လောက်ထိ ထွက်ဖို့ သီချင်းတွေ ရှိသေးတယ် ပြောတယ်”
“ကျနော်တောင် သူ့ဆီက သီချင်းတွေ ပြန်ဝယ်ရမလို ဖြစ်နေတယ်။ သီချင်း ကွာလတီကိုလည်း အရမ်းထိန်းတယ်။ နောက်ပိုင်းမှာလည်း အပ်ထားတဲ့ သီချင်းလေးတွေ ရေးသွားမယ်။ လူတိုင်း မတွေးမိတဲ့ ရှုထောင့်လေးတွေကနေ သီချင်းတွေ ရေးသွားမယ်”လို့ ဝေကြီးက ပြောပါတယ်။
တေးရေး ဝေကြီးက ပရိသတ်ကြိုက်မယ့် သီချင်းတွေ ဆက်ရေးသွားဖို့ ရှိနေပြီး လက်ရှိချိန်မှာတော့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားပြီး City FM နဲ့ Shwe FM ကပေးတဲ့ “အကျော်ကြားဆုံး တေးရေးဆု” ရရှိထားသူလည်း ဖြစ်ပါတယ်။ ဝေကြီးက မကြာခင် ပြုလုပ်မယ့် “ရွှေမိုက်ခဲ” သီချင်းဆို ပြိုင်ပွဲမှာလည်း ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သွားဖို့ ရှိပါတယ်။
You may also like these stories:
“လိပ်ပြာ” ဇာတ်လမ်းတွဲ Season 2 ဆက်လက် ရိုက်ကူးတော့မယ့် ပန်းရောင်ခြယ်
ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ် ကြောင်အလှပြပွဲ ကျင်းပ
“အချစ်အပေါ် ခံယူချက်က အသက်တွေ၊ အချိန်တွေနဲ့ မဆိုင်ဘူး”လို့ ဝင်းမင်းသန်း ပြော