မကြာခင်လပိုင်းအတွင်းမှာ ကျင်းပသွားမယ့် ၂၀၁၉ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲကိုတော့ အောင်ရဲလင်းက ခရီးထွက်စရာရှိတာကြောင့် မတက်ဖြစ်ဘူးလို့ သိရပါတယ်။
“အကယ်ဒမီကတော့ ကျနော် မတက်ဖြစ်လောက်ဘူး။ ဒီကြားထဲမှာ ခရီးသွားဖို့လည်း ရှိပါတယ်။ ဘန်ကောက်ပဲ သွားဖြစ်မယ်ထင်ပါတယ်။ မဟုတ်ရင်လည်း ဘာလီဖြစ်ဖြစ်ပေါ့။ အဲ့လိုမျိုးလည်း စဉ်းစားထားပါတယ်။ ဘယ်ရောက်မလဲ အတိအကျမသိသေးပါဘူး” လို့အောင်ရဲလင်းက ပြောပါတယ်။
ပွဲတက်ဝတ်စုံချုပ်ပေးနေကျ သူငယ်ချင်း နိုင်ငံခြားကိုထွက်သွားပြီဖြစ်တာကြောင့် ဝတ်စုံအတွက်တိုင်ပင် ရမယ့်သူလည်း မရှိသေးတဲ့အတွက် မတက်ဖြစ်တော့တာလို့ သိရပါတယ်။
“ကျနော့်ကိုဝတ်စုံချုပ်ပေးနေကျ သူငယ်ချင်းကလည်း နိုင်ငံခြားရောက်သွားပြီဆိုတော့ ဒီနှစ်အတွက်ဝတ်စုံကို အေးအေးဆေးဆေးတိုင်ပင်ရမယ့် သူငယ်ချင်းကလည်းမရှိဘူး။ နောက်ထပ်ဒီဇိုင်နာတယောက်လည်း သေသေချာချာ ရှာချင်တာလည်းပါပါတယ်။ နောက်နှစ်တွေဆိုရင်တော့ တက်ဖြစ်မှာပါ။ ဒီနှစ်တော့ သည်းခံပေးကြပါလို့ နောက်နှစ်တော့ တက်ပါမယ်” လို့ အောင်ရဲလင်းကပြောပါတယ်။
အကယ်ဒမီအတွက်လည်း ကာရိုက်တာဝင်ပြီး တော်သူကိုရစေချင်ပြီး ဘယ်သူတော့ရပါစေ၊ ဘယ်သူတော့ မရပါစေနဲ့ဆိုတဲ့ စိတ်မရှိဘူးလို့ ဆိုပါတယ်။
“ကျနော်ကလေ ဘယ်သူရပါစေ၊ ဘယ်သူ မရပါစေနဲ့လို့မရှိဘူး။ တကယ် ကာရိုက်တာဝင်တဲ့သူကို ရစေချင်တယ်။ ဒီလူကမရတာကြာလို့ရတာတို့ ရသင့်ပါတယ်လေဆိုပြီးရတာတို့ ဒီလူကအခုမှမပေးရင် နောက်မပေးနိုင်တော့ဘူးတို့ မဖြစ်စေချင်ဘူး။ တကယ့်ဂုဏ်ပြုဆုဆိုတာ တကယ်ကာရိုက်တာဝင်ပြီး တော်တဲ့သူကိုပဲ ဂုဏ်ပြုတဲ့ဆုဖြစ်စေချင်ပါတယ်” လို့ အောင်ရဲလင်းကပြောပါတယ်။
ဆက်လက်ပြီး “နောက်တခုက ရသင့်တယ်တို့ ပေးသင့်နေပါပြီတို့ဆိုတာလည်းမရှိပါဘူး။ ဒါကတော့ ကျနော်ထင်တဲ့ ကျနော့်စိတ်ကူးပေါ့။ တကယ်ကာရိုက်တာဝင်ပြီး ကောင်းတဲ့သူကရကိုရရမှာပါ။ ကာရိုက်တာဘယ်လောက်ဆိုးဆိုး ကာရိုက်တာဝင်တာကိုပေးကိုပေးရမှာပါ”
“ဒါသရုပ်ဆောင်ပညာဖြစ်တဲ့အတွက် သရုပ်ဆောင်ကောင်းတဲ့သူကို ချီးမြှင့်ရမယ်။ ချီးမြှင့်သင့်တယ်လို့ပဲ ခံယူပါတယ်။ ဒီလူကိုမပေးတာကြာပြီ ပေးသင့်ပါတယ်။ ဒီလူကရသင့်နေပါပြီဆိုတာတွေ စည်းမျဉ်းစည်းကမ်းထဲမှာ မရှိသင့်ဘူး ထင်ပါတယ်” လို့ အောင်ရဲလင်းကပြောပါတယ်။
အောင်ရဲလင်းအနေနဲ့ ဒီနှစ်အကယ်ဒမီဆန်ခါတင် စာရင်းဝင်ဇာတ်ကားများစာရင်းထဲမှာ သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ မပါဝင်သော်လည်း ၂၀၂၀ မှာတော့ သူ့ရဲ့ရုပ်ရှင်ဇာတ်ကားများစွာ ရုံတင်ပြသလျက် ရှိပါတယ်။ လက်ရှိမှာလည်း အောင်ရဲလင်းပါဝင်ထားတဲ့ “နှင်းဆီရဲတိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနေပါတယ်။
You may also like these stories:
Spider-Man 3 နဲ့ ပတ်သက်လို့ ဖွင့်ဟတော့မှာ မဟုတ်ကြောင်း Tom Holland ပြောဆို
အော်စကာဆုရယူဖို့ မျှော်မှန်းထားတဲ့ အဆိုတော် Shania Twain
သားသတ်ရုံက နွားသားအမိကို ကယ်တင်ခဲ့တဲ့ မင်းသား Joaquin Phoenix