ဒီနှစ် အကယ်ဒမီ ဆန်ခါတင် စာရင်းထဲမှာ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင် ပါဝင်ပြီး၊ အကယ်ဒမီ မှန်းပေးကြတဲ့ ပရိသတ်တွေကို ဝမ်းသာ ကျေးဇူးတင်တယ်လို့ အောင်ရေချမ်းက ပြောပါတယ်။
“ရိုးမပေါ်ကျတဲ့ မျက်ရည် ဇာတ်ကား အကယ်ဒမီ စာရင်းဝင်တဲ့အတွက် ဝမ်းသာတယ်။ ဒီကားနဲ့ အကယ်ဒမီ မှန်းပေးကြတယ်ဆိုပေမယ့် ကျနော် အကယ်ဒမီကို မမှန်းပါဘူး။ အကယ်ဒမီပေးပွဲ တက်ဖို့တော့ ရင်ခုန်တယ်။ တကယ်တော်ကြတဲ့ အနုပညာရှင်သမားတွေကို တက်ရောက်အားပေးမယ်။ တကယ်တော်တဲ့သူတွေ အကယ်ဒမီ ရကြမှာပါ”
“အကယ်ဒမီ မှန်းပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပထမဆုံး ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း လေးစားလျက်ပါ။ ဒီကားထဲမှာ ပါတဲ့သူတွေ အကုန်လုံးလည်း ခက်ခက်ခဲခဲနဲ့ ပင်ပန်းခဲ့ကြတယ်။ နောက်ဇာတ်ကားတွေလည်း အကယ်ဒမီ ရနိုင်အောင် အကောင်းဆုံးကြိုးစား ရိုက်ကူးသွားပါမယ်”လို့ အောင်ရေချမ်းက ဧရာဝတီကို ပြောပါတယ်။
ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင် အောင်ရေချမ်းကတော့ ဒီလကုန်ရင်လည်း နောက်ထပ် ဇာတ်လမ်းတွဲ ရိုက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ဒီလကုန်ရင် ဇာတ်လမ်းတွဲ ရိုက်ဖို့ရှိပါတယ်။ အရင်ကာရိုက်တာတွေနဲ့ မတူအောင် ကာရိုက်တာ ပြောင်းထားတယ်။ နောက်ပိုင်းမှာ ရုပ်ရှင်တွေ ရိုက်ဖို့ ရှိပါတယ်။ ဇာတ်လမ်းတွဲ ရိုက်နေတဲ့အတွက် ရုပ်ရှင် မရိုက်ဖြစ်သေးဘူး။ ဇာတ်လမ်းတွဲက လနဲ့ချီ ရိုက်ရတဲ့အတွက် ရုပ်ရှင်နဲ့ ညှိလို့ မရတာလေးတွေ ရှိတယ်။ တခုရိုက်ရင် တခု နားတာပေါ့”
“အရင်တုန်းကတော့ အက်ရှင် ရိုက်ချင်တယ်။ နောက်ပိုင်းမှာ ကိုယ်က သရုပ်ဆောင် ဖြစ်တဲ့အတွက် ကာရိုက်တာတိုင်းကို ပီပြင်အောင်လုပ်ရမယ်ပေါ့။ ဘယ်ကာရိုက်တာမဆို လုပ်ကြည့်ချင်လို့ ကာရိုက်တာအစုံကို ကြိုးစားရိုက်ကူးသွားမယ်”လို့ အောင်ရေချမ်းက ပြောပါတယ်။
ဆက်လက်ပြီး အောင်ရေချမ်းက လတ်တလော MRTV-4 မှာ ပြသနေတဲ့ “ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်” ဇာတ်လမ်းတွဲကို ပရိသတ်တွေ အားပေးလို့ ပင်ပန်းရကျိုးနပ်တယ်လို့ ပြောပါတယ်။
“ဆူးပန်းခွေ သွယ်ဘယက် ဇာတ်ကားကို ပရိသတ်တွေ အားပေးကြလို့ ကြိုးစားရကျိုးလည်း နပ်ပါတယ်။ ပင်ပန်းရကျိုးလည်း နပ်ပါတယ်။ အားပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။ ဒီကားမှာ အမှတ်တရတွေကတော့ အများ ကြီးပဲ။ ပုပ္ပါးမှာသွားရိုက်တာဆိုတော့ ပရိသတ်တွေက ချစ်ခင်အားပေးကြတယ်”
“ရိုက်ကူးရေးပေါ်မှာလည်း အဲ့ဒီနယ်က သူတွေရဲ့ ကူညီမှုတွေလည်း အများကြီးရှိတယ်။ အနုပညာရှင်ကြီးတွေလည်း တူတူတွဲဖက် သရုပ်ဆော င်ရတော့ ပိုပြီး အမှတ်တရဖြစ်စေသလို ပညာလည်းရတယ်” လို့ အောင်ရေချမ်းက ပြောပါတယ်။
သရုပ်ဆောင် အောင်ရေချမ်းကိုတော့ MRTV-4 မှာ ပြသခဲ့တဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “ကိုတင်ဖေ” အဖြစ်နဲ့ ပရိသတ်တွေက အားပေးခဲ့ကြပြီး “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲမှာလည်း “မင်းမျိုးနွယ်” အဖြစ် ပရိသတ်များက အထူးအားပေးခဲ့ကြပါတယ်။
အောင်ရေချမ်းက ဇာတ်လမ်းတွဲတွေ မပေါ်ခင်ကတည်းက အနုပညာအလုပ်တွေ လုပ်ကိုင်လာတာ အခုဆို ၁၀ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။
You may also like these stories:
မြောက်ကိုရီးယား ဗိုလ်ကြီးထက် ပိုရင်ခုန်စရာ ကောင်းတဲ့သူ ရှိနေတဲ့ နော်ဖောအယ်ထား
Werewolf အဖြစ် သရုပ်ဆောင်ဖို့ Emma Stone ကို Universal မျက်စိကျနေ
“တစစ်တမက် ကိုယ်နှင့် သက်ကို” ဇာတ်ကားမှာ သူနာပြုအဖြစ် ပါဝင်ထားတဲ့ ယဉ်လက်