ဒီကနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကို ယတိပြတ်ကုသပေးနိုင်မယ့် ဆေးဝါး မရှိသေးပါဘူး။ ဆေးပညာရှင်တွေအနေနဲ့ နောက်ထပ် တွေ့ရှိလာတာ တခုရှိပါတယ်။ အဲဒါကတော့ ဆေးရုံက ဆင်းသွားတဲ့ လူနာတွေမှာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံ တွေ့ရှိနေရတဲ့အကြောင်း တရုတ် မီဒီယာ တခုဖြစ်တဲ့ Caixin သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဂွမ်ဒေါင်း ပြည်နယ်မှာ စနစ်တကျ ဆေးဝါးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်လာလို့ ဆေးရုံက ဆင်းခွင့်ပြုလိုက်တဲ့ လူနာ ၁၄ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ် ဆက်လက် ဖြစ်ပွားနေတုန်းပဲလို့ သိရပါတယ်။
ဂွမ်ဒေါင်း ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေးစင်တာရဲ့ လက်ထောက်ဒါရိုက်တာဖြစ်သူ ဒေါက်တာ Song Tie က “ကျန်းမာရေးကောင်းသွားလို့ ဆေးရုံကဆင်းခွင့်ပြုလိုက်တဲ့ လူတွေမှာ ဘာကြောင့်ရောဂါဆက်ပြီး ဖြစ်နေရတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဆေးရုံကဆင်းခွင့်ပြုလိုက်သူတွေဟာ လုံးဝ ကျန်းမာသွားတဲ့ အခြေအနေမှာတော့ မရှိကြသေးဘူး” လို့ ဆိုပါတယ်။
ဂွမ်ဒေါင်း No.8 ပြည်သူ့ဆေးရုံက ဒေါက်တာ Li Yueping ကလည်း ဆေးရုံက ဆင်းခွင့်ပြုလိုက်တဲ့ လူနာ ၁၃ ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ဆက်လက် ဖြစ်ပွားနေတုန်းပဲလို့ ဆိုပါတယ်။ ဒါပေမယ့် ရောဂါ လက္ခဏာ ထပ်မံပြသတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ လူနာတွေနဲ့ အနီးကပ်နေထိုင်သူတွေကို စမ်းသပ်ကြည့်ရာမှာတော့ ရောဂါ ကူးစက်ထားတာမျိုး မရှိဘူးလို့လည်း သိရပါတယ်။
ဆေးရုံက ဆင်းခွင့်ပြုလိုက်တဲ့ လူနာတွေမှာ ရောဂါ ပိုး ဆက်လက် တွေ့ရှိနေရပေမယ့် ဘယ်လောက်ထိ အားကောင်းလာမလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ Caixin သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါကြောင့်လည်း ဆေးကုသပြီးတဲ့နောက် ရောဂါ ပြန်လည် တွေ့ ရှိနေရသူတွေကို အသစ်ထပ်မံ သုတေသနပြုလုပ်ဖို့ လိုအပ်တယ်လို့ ဂွမ်ဒေါင်း ရောဂါ ထိန်းချုပ် ရေးနှင့်ကုသရေးစင်တာရဲ့ လက်ထောက် ဒါရိုက်တာဖြစ်သူ ဒေါက်တာ Song Tie က ပြောပါတယ်။
တခြား သုတေသနပြုချက်တွေအရ ကိုရိုနာဗိုင်းရပ်စ် ဟာ မစင်ကနေ တဆင့်လည်း ကူးစက်နိုင် တယ်လို့ဆိုထားပါတယ်။ ဒါကြောင့်လည်း ဂွမ်ဒေါင်းပြည်နယ်မှာ တွေ့ရှိနေရတဲ့ ရောဂါပြန်လည် ဖြစ်ပွားနေသူတွေဟာ မစင်ကနေ တဆင့် ရောဂါ ပြန်လည် ကူးစက်နေကြတာလားဆိုတာ စဉ်းစားစရာပါ။ အခုဆိုရင်တော့ ဂွမ်ဒေါင်း မှာတင်မက ဝူဟန် ၊ ချန်ဒူး စတဲ့မြို့တွေမှာပါ ရောဂါပြန်လည် ဖြစ်ပွားသူတွေကို တွေ့နေရပါတယ်။
Ref:todayonline
You may also like these stories:
Diamond Princess သင်္ဘောပေါ်မှ ဆင်းလာသူများထံ COVID-19 ရောဂါလက္ခဏာများ တွေ့ရ
ထိုင်းကျောင်းသားတဦးထံ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီးတဲ့နောက် ကျောင်းကို ယာယီပိတ်ထား
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လှူဒါန်းကြတဲ့ ကိုရီးယားအနုပညာရှင်များ