မြန်မာနိုင်ငံမှာ COVID-19 ရောဂါ Positive လူနာ ၁၀ ဦးအထိ တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပြီး ရောဂါ ပြန့်ပွားမှုများ မဖြစ်အောင် ကျန်းမာရေးဌာနက ပြောတဲ့အတိုင်း အားလုံး အိမ်မှာပဲ နေကြဖို့ မောင်မောင်အေးက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ကျနော်တို့ ဒီရောဂါကို ကျန်းမာရေးဌာနက ဖြန့်ဝေတဲ့အတိုင်း ပြန်ပြီးဖြန့်ဝေရမှာပေါ့။ လူတိုင်းကို သံသယနဲ့ ရောဂါရှိတယ်လို့ မြင်ထားပါ။ ဘာလို့လဲဆို အကောင်းမြင်နေရင် ပိုးက ရောက်လာနိုင်တယ်။ ကိုယ်က မဖြစ်ရင်တောင် ကိုယ်ခံအား မကောင်းတဲ့ သက်ကြီးရွယ်အိုတွေက အသက်ပေးသွားရနိုင်တာပေါ့။ ခုလောလောဆယ် ရောဂါပိုး မပြန့်အောင် အိမ်ထဲမှာပဲနေတာ ပိုကောင်းပါတယ်”
“ကျနော်တို့က အိမ်မှာနေပါလို့ ပြောနေပေမယ့် တနေ့လုပ်မှ တနေ့စားရတဲ့ လူတန်းစားတွေလည်း ရှိသေးတာလေ။ ရှိနေကြသေးတဲ့လူတွေကလည်း တယောက်နဲ့ တယောက် ၃ ပေ ကွာပါ။ ကိုယ်တိုင် ချောင်းဆိုးရင် လက်အုပ်ပြီး ဆိုးပါ။ ပြန်လာရင်လည်း အဝတ်စားတွေ သေချာလျှော်ပါ။ တခုခုကို ထိတွေ့ပြီးတာနဲ့ လက်ဆေးပါ”လို့ အစီအစဉ် တင်ဆက်သူ မောင်မောင်အေးက ပြောပါတယ်။
ဆက်လက်ပြီးလည်း မောင်မောင်အေးက ကိုယ့်နိုင်ငံမှာ တဦးချင်းစီက ရသမျှ သတင်းအချက်အလက်တွေကို လိုက်နာမယ်ဆိုရင် အကုန်လုံး အတူ ကျော်လွှားနိုင်မယ်လို့ ဆိုပါတယ်။
“ကျနော်တို့လည်း ဆုတောင်းပေးရုံပဲ ရှိတာပေါ့။ နိုင်ငံကြီးတွေတောင် ဒီပြဿနာ မဖြေရှင်းနိုင်သေးဘူး။ ကိုယ့်နိုင်ငံမှာ တယောက်ချင်းဆီက ရသမျှ Information တွေကို အကောင်းဆုံး လိုက်နာနိုင်ရင်တော့ အကုန်လုံး အတူတကွ ကျော်လွှားနိုင်မယ် ထင်ပါတယ်”လို့ မောင်မောင်အေးက ပြောပါတယ်။
လက်ရှိ COVID-19 နဲ့ ပတ်သက်ပြီး လှူဒါန်းမှုများ ပြုလုပ်နေတဲ့ မောင်မောင်အေးက ကောလာဟလ သတင်းများကိုလည်း ဒီအချိန်မှာ မဖြန့်သင့်ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ လှူနေတာတော့ ၃၊ ၄ ဖွဲ့ ရှိတယ်။ ကောလာဟလတွေက ဒီမှာတင် မဟုတ်ဘူး၊ နိုင်ငံတကာမှာလည်း ရှိပါတယ်။ သူများတွေ ကြောက်အောင် လုပ်ပြီး ပျော်နေတာတွေလည်း ရှိတယ်။ ဒီလိုချိန်မှာ မဖြန့်သင့်ပါဘူး။ ကောလာဟလတွေ ဖြန့်တာကိုလည်း သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ပါတယ်။ ဆိုရှယ်မီဒီယာသုံးသူတွေကလည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားတာ မဟုတ်ရင် မကြောက်ဖို့ ပြောချင်ပါတယ်”
“လူတွေက ကူးစက်ပြန့်ပွားတာ မြန်လို့သာ ကြောက်နေတာ။ အခက်အခဲက ကိုယ်တယောက် တည်း မဟုတ်ဘူးဆိုတာ သိဖို့ပါပဲ။ လူတိုင်းက ခက်ခဲကြမှာပါပဲ။ အသက်ရှင်နေသေးသရွေ့ ကံကောင်းတယ်လို့ သတ်မှတ်ပါ။ လူမသေ ငွေမရှားပေါ့။ တယောက်တည်းခံရတာ မဟုတ်ဘဲ၊ အများနဲ့ ခံရတာမို့ အချိန်တန်ရင် ပြီးသွားမှာပါ”လို့ မောင်မောင်အေးက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး Positive လူနာ ၁၀ ဦး တွေ့ရှိထားတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး လတ်တလောမှာ အနုပညာရှင်များက ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဆိုရှယ်မီဒီယာကနေ မျှဝေပေးနေကြပါတယ်။