COVID – 19 ဗိုင်းရပ်စ် ကူးစက်ခံရသူများထဲမှာ နောက်ဆုံးတွေ့ရှိခဲ့သူ လူနာက နေမကောင်းဖြစ်တာကို ခရီးသွား ရာဇဝင်များနဲ့ အကြောင်းအရာ၊ အချက်အလက်များ ဖုံးကွယ်ပြီး နေခဲ့တာနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှ လူအများနဲ့ ကြားသိရသူများက စိတ်မကောင်း ဒေါသဖြစ်ခဲ့ကြရပါတယ်။
သရုပ်ဆောင် ကျော်သူကလည်း ပြည်သူများအား နေမကောင်းဖြစ်နေပါက သက်ဆိုင်ရာဆေးရုံကို သွားရောက်ပြီး ကုသရန်နဲ့ တာဝန်ရှိသူများကို အသိမပေးဘဲ မိမိဘာသာမကုသဖို့ ဆိုရှယ်မီဒီယာကနေတဆင့် အခုလိုပဲ ပြောခဲ့ပါတယ်။
“လက်လုပ်လက်စားများ၊ နေ့စားလုပ်သားများ၊ အသေးစားလုပ်ငန်းရှင်များ၊ အိမ်တွင်းဆိုင်ငယ်ဖွင့်သူများ၊ အကြီးစား လုပ်ငန်းရှင်ကြီးများအားလုံး မြန်မာပြည်သူလူထု အားလုံး စားဝတ်နေရေးအဆင်ပြေပြေ တိုးတက် ကောင်းမွန်ကြစေရန် ကိုယ့်ကိုယ်ကို မလိမ်ညာကြပါနဲ့၊ နေမကောင်းပါက မိမိအသိစိတ်ဓာတ်နဲ့ သက်ဆိုင်ရာဆေးရုံသို့ ရဲရဲ့ဝံ့ဝံ့ သွားရောက် ကုသကြပါ။ ဘယ်သူ့ကိုမှ အသိမပေးဘဲ ကြိတ်ပြီးမနေပါနဲ့။ မိမိသဘောနဲ့ မိမိ ကုသခြင်း မပြုကြပါနဲ့” လို့ ကျော်သူက ပြောပါတယ်။
အခုအချိန်မှာ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့နဲ့ သက်ဆိုင်ရာဆေးရုံများသို့ ကာကွယ်မှုအတွက် သွားရောက် ကုသသူမျာကိုလည်း စံပြသူတော်ကောင်းအဖြစ် အများပြည်သူမှ လေးစားဂုဏ်ယူကြဖို့ အရေးကြီးလှတဲ့ အချိန်ကာလ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“မုသာဝါဒကံ ကျူးလွန်ခြင်းသည် အများကို လိမ်ညာခြင်းအပြင် မိမိကိုယ်ကို လိမ်ညာဖုံးကွယ်ခြင်းသည်လည်း အကျုံးဝင်ပေသည်။ မိမိက “မုသာဝါဒကံ ဖေါက်ဖျက်ခြင်းကြောင့် ပါဏာတိပါတာကံကိုပါ ကျူးလွန်ရာ ရောက်မည့် အချိန်ကာလ”ဆိုတာကို လည်း သတိမမေ့ပါနှင့်”
“သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ သက်ဆိုင်ရာဆေးရုံများသို့ ကာကွယ်မှုအတွက် သွားရောက် ပြသကုသသည့်သူများကိုလည်း စံပြသူတော်ကောင်းများအဖြစ် အများပြည်သူမှ ဩဘာပေး လေးစားဂုဏ်ယူကြဖို့ အရေးကြီးလှသည့် အချိန်ကာလလည်း ဖြစ်ပေသည်” လို့ ကျော်သူက ရေးသားထားပါတယ်။
မုသာဝါဒကံ မချိုးဖောက်ဘဲ အသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့သူတော်ကောင်းများ ဖြစ်ကြပါစေလို့လည်း တိုက်တွန်းပေးခဲ့ပါတယ်။
“မိမိကိုယ်ကို မုသာဝါဒကံ မချိုးဖေါက်ဘဲ အသက်ပေါင်းများစွာကို ကယ်တင်နိုင်သည့် သူတော်ကောင်းများဖြစ်ကြပါစေဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ အချုပ်ဆိုရသော် မိမိကိုယ်ကို မလိမ်ညာခြင်းဖြင့် မိမိစားဝတ်နေရေး၊မိသားစုအရေး၊ နိုင်ငံ့အရေးကိစ္စများ အစစအဆင်ပြေပါစေသတည်း” လို့ ကျော်သူက ဆိုထားပါတယ်။
ဒီနေ့ ဧပြီ ၂ ရက်မှာလည်း ကျော်သူက နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ သူ့ရဲ့ချွေးနည်းစာဖြင့် ဝန်ထမ်းများ ၊ ပရဟိတသမားများ ၊ ကျောက်ကပ်လာရောက်ဆေးနေကြတဲ့လူနာများကို ကြက်ဥအလှူဒါနပြုခဲ့ပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်) မှပရဟိတသမားများ ၊ အရေးပေါ်အသက်ကယ်ဝန်ထမ်းလူငယ်များ ၊ မီးသတ်လူငယ်များမှာ အခုအချိန်အခါမှာ အစားအသောက် အချိန်မှန်မစားရခြင်း ၊ အိပ်ရမယ့်အချိန်မမှန်ခြင်း အကြောင်းအရာများစွာတို့ကြောင့် အာဟာရရှိစေရန် ရည်ရွယ်ပြီး ကျော်သူကသူ့ရဲ့မုန့်ဖိုးစုဆောင်းငွေ ၁သိန်းကျပ်ဖြင့် ကြက်ဥအလုံး ၁၂၀၀ တို့ကို ဝယ်ယူလှူဒါန်းခဲ့တာဖြစ်ပါတယ်။
နာရေးကူညီမှုအသင်းမှ COVID – 19 နဲ့ပတ်သက်ပြီးတော့လည်း ကာကွယ်ရေးလုပ်ငန်းများ ၊ သီးသန့်စောင့်ကြည့်ရေးနေရာများကိုလည်း ကူညီပို့ဆောင်ပေးလျက်ရှိပါတယ်။
You may also like these stories:
ပုသိမ်ဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာတဦးကို စောင့်ကြည့်ကုသနေ
ခရီးက ပြန်လာသူများကို ၁၄ ရက် စစ်ခံကြဖို့ တိုက်တွန်းလိုက်တဲ့ ရွှေအိမ်စည်