အခုအချိန်မှာတော့ တကမ္ဘာလုံးနီးပါး ခရီးသွားလာခွင့်တွေ ပိတ်ဆို့ထားပြီး တချို့သော လူတွေကတော့ သက်သောင့်သက်သာရှိမယ့် သူတို့ရဲ့ နေအိမ်တွေမှာ Quarantine လုပ်ကြပါတယ်။
တချို့ကလည်း နွေရာသီ အပန်းဖြေအိမ်တွေမှာ နေထိုင်နေကြတာ ဖြစ်ပေမယ့် အင်္ဂလန်နိုင်ငံ တောရိုင်းတိရစ္ဆာန် ဥယျာဉ်ရဲ့ တိရစ္ဆာန်ရုံ စောင့်သူတွေကတော့ ဥယျာဉ်ထဲက တိရစ္ဆာန်လေးတွေကို ကျွေးမွေးပြုစု စောင့်ရှောက်ဖို့ ၃ လတာ သီးခြားနေထိုင်ကြမှာပဲ ဖြစ်ပါတယ်။
“Paradise Park” လို့ အမည်ပေးထားတဲ့ အဲဒီ တိရစ္ဆာန်ရုံမှာတော့ Izzy , Emily , Layla နဲ့ Sarah-Jane တို့ဟာ တိရစ္ဆာန်ရုံကို ပိတ်ချလိုက်တော့မယ်ဆိုကတည်းက အခုအလုပ်ကို Volunteer အဖြစ် ရွေးချယ်ခဲ့ကြပြီး တိရစ္ဆာန်ရုံရဲ့တာဝန်ရှိသူတွေဘက်ကလည်း Volunteer တွေအတွက် ကျန်းမာရေးနဲ့ လုံခြုံစိတ်ချမှုကို ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။
“သူတို့အားလုံး သူတို့သဘောဆန္ဒအတိုင်း ဒီကို ရောက်ရှိလာခဲ့ကြတာပါ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဘယ်မှာ နေထိုင်မလဲဆိုတာကို ဆုံးဖြတ်ချက် ချရခက်ခဲတဲ့အချိန်မှာ ငှက်တွေနဲ့ တခြားတိရစ္ဆာန်တွေရှိတဲ့ ဒီ Paradise Park မှာ နေထိုင်ပြီး မိသားစုဝင်တွေကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပူပင်စိုးရိမ်စရာတွေကနေ ကင်းဝေးစေခဲ့ကြတာပါ”လို့ Paradise Park ရဲ့ ဒါရိုက်တာ Alison Hales က ဆိုပါတယ်။
Izzy ကနေ စတင်လိုက်တဲ့ တိရစ္ဆာန်လေးတွေကို ပြုစုစောင့်ရှောက်ရေးဟာ သူ့ရဲ့ ကောလိပ်အတန်းဖော်တွေဖြစ်တဲ့ ကျန်သူငယ်ချင်း ၃ ဦးကိုပါ လိုလိုလားလား ရှိစေခဲ့တာပါ။ ငှက်ပေါင်း ၁၂၀၀ ဝန်းကျင်နဲ့ တခြား နို့တိုက်သတ္တဝါတွေကို သူတို့ စောင့်ရှောက်ပေးနေတဲ့ အပိုင်းတွေကတော့ အစာကျွေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ဆေးတိုက်ခြင်းနဲ့ တိရစ္ဆာန်ရုံ တခုလုံးရဲ့ ဗာဟီရကိစ္စတွေကို နေ့စဉ် အချိန်ဇယားတခုနဲ့ ပြုလုပ်ပေးနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် တိရစ္ဆာန်တွေအတွက် စွမ်းရည်အသစ်သင်ကြာပေးခြင်းကိုပါ အချိန်ဇယားထဲ ထည့်သွင်းထားတာကြောင့် သူတို့ ၄ ယောက်လုံးရဲ့ နေ့စဉ်ဘဝဟာ အမြဲ တက်ကြွလန်းဆန်းနေမှာ အသေအချာပဲ ဖြစ်ပါတယ်။
တိရစ္ဆာန်ရုံရဲ့ တံခါးတွေကို အခြေအနေအရ ပိတ်ထားခဲ့ပြီးဖြစ်ပေမယ့် လူမှုကွန်ရက် စာမျက်နှာမှာ ဓာတ်ပုံများမျှဝေခြင်း ၊ Live လွှင့်ခြင်းတွေ ပြုလုပ်ပေးလေ့ရှိတာကြောင့် အိမ်မှာ နေထိုင်ရင်း တိရစ္ဆာန်ရုံကို လာရောက် လည်ပတ်သလို ခံစားနိုင်ပါတယ်။
Ref. www.boredpanda.com
You may also like these stories:
ဆေးဘက်သုံးပစ္စည်းတွေ တရားမဝင် တင်သွင်းမှုကို သြစတြေးလျနိုင်ငံ အရေးယူမည်
COVID-19 ကြောင့် ဖူးခက်မှာ စတိုးဆိုင်တွေကို အချိန် အကန့်အသတ်နဲ့သာ ဖွင့်လှစ်
COVID-19 ပျံနှံ့မှုတွေကြောင့် Wimbledon ပွဲစဉ်များ ဖျက်သိမ်း