သုတေသီတွေရဲ့ လေ့လာချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်ခံရသူ နှာစေး၊ ချောင်းဆိုးရုံတင် မဟုတ်ဘဲ စကားပြောရုံ၊ အသက်ရှုတာက ထွက်လာတဲ့ အမှုန်အမွှားတွေ တဆင့်တောင် ကူးစက်လာနိုင်ချေတွေရှိတယ်လို့ ဆိုပါတယ်။
အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သုတေသီ စကားဝိုင်းမှာ လေ့လာချက်တွေက အကန့်သတ် ရှိနေပေမယ့်လို့ ပုံမှန် အသက်ရှုတာကနေတောင် လေထဲကတဆင့် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်မျိုး ဖြစ်လာနိုင်တာကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဆိုပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ အမေရိကန်ပြည်သူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကနေ ကာကွယ်ဖို့အတွက် Mask တွေ တပ်သင့်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားခဲ့ပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ကုသရေး စင်တာက ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတယောက်နဲ့ တယောက် ၆ ပေ အတွင်း ချောင်းဆိုး၊ နှာစေးရာက ကျသွားတဲ့ အရည်စက်တွေကတဆင့် ကူးစက်နိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် လေ့လာချက်အသစ်တွေအရ စကားပြောရာ ဒါမှမဟုတ် အသက်ရှု လိုက်ရာကနေတောင် ကူးစက်နိုင်တာမျိုးတွေ ရှိလာနိုင်တယ်လို့ NAS က တာဝန်ရှိသူ တဦးက ဆိုပါတယ်။
တရုတ်နိုင်ငံ ဆေးရုံတခုမှာ လေ့လာချက်အရ အခန်းတွင်း သန့်စင်ထားပေမယ့် ဗိုင်းရပ်စ်ဟာ လေထဲမှာ ကျန်နေခဲ့သေးတာကို တွေ့ရှိခဲ့ပါတယ်။ Nebraska တက္ကသိုလ်က လေ့လာချက်မှာလည်း လူနာခန်းထဲက ဗိုင်းရပ်စ်တွေဟာ လူနာနဲ့ ၆ ပေကျော် အကွာမှာတောင် ရှိနေတယ်လို့ ဆိုပါတယ်။
လေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ တည်ရှိနေမလဲဆိုတဲ့အချက်ကတော့ အကြောင်းရင်းတွေပေါ် မူတည်ပြီး လူတယောက်ချင်းစီ စကားပြောရာ ဒါမှမဟုတ် အသက်ရှုရာကနေတောင် ကူးစက်သွားနိုင်တာမျိုးတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
အကယ်၍သာ ကိုရိုနာဗိုင်းရပ်စ်ဟာ လေကတဆင့် ကူးဆက်လာမယ်ဆိုရင် ကူးစက်ခံထားသူမှာ ရောဂါလက္ခဏာ မပြခင်ကတည်းက တခြားတယောက်ကို ကူးသွားနိုင်ချေ ရှိလာနိုင်ပါတယ်။ လက်ရှိမှာ လေ့လာနေတဲ့ အချက်အလက်တွေအရ လူနာက ရူထုတ်လိုက်တဲ့ လေထဲက အမှုန်လေးတွေကတဆင့်လည်း ဗိုင်းရပ်စ်ပျံ့နှံ့ တယ်ဆိုတာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
ကိုဗစ်ကာလမှာ အပြင်မထွက်ဖို့ ဗိုင်းရပ်စ်ဦးထုပ် ဆောင်းပြီး သတိပေးတဲ့ အိန္ဒိယ ရဲ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းတွေရဲ့ ဝင်ငွေများစွာ ဆုံးရှုံးနေ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းမိုင်ကို လာရောက်တဲ့ တရုတ်ခရီးသွား အရေအတွက် ကျဆင်း