အင်္ဂလန်ကို ရောက်ရှိနေတဲ့ အောင်ရင်ကတော့ သူ့ဆီမှာ COVID -19 Positive တွေ့ရှိကြောင်း မတ်လ ၂၃ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာမှတဆင့် အသိပေးခဲ့ပြီးနောက် ကျန်းမာရေး အခြေအနေ အရမ်း မဆိုးရွားတာကြောင့် ဆေးရုံ မတက်ရဘဲ အိမ်မှာနေထိုင်ကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိတယ်လို့ သိရပါတယ်။
“ကိုဗစ်လား ငဗစ်လား မသိပါဘူး။ ကျနော် နေမကောင်းတော့ ဘိလပ်က သူငယ်ချင်း ဆရာဝန်က COVID-19 ကူးစက်ခံရတဲ့ လက္ခဏာပြနေတယ် ပြောပါတယ်။ အင်္ဂလန်မှာ ဒီလက္ခဏာ ပြပေမယ့် အိမ်မှာပဲ နေရတယ်။ Test လုပ်မှသာလျှင် Positive လား Negative လား သိနိုင်ပါမယ်။ ဒီမှာက ဆေးရုံတက်ရတဲ့သူပဲ Test လုပ်ပေးပါတယ်။ ဆေးရုံကိုလည်း အသက်ရှုရတာ ခက်တဲ့လူနာမှသာ လက်ခံပြီးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်နေကောင်းပါပြီ။ ဆုတောင်းမေတ္တာပို့သပေးသူများ အားလုံးကျေးဇူးတင်ရှိပါတယ်” လို့ အောင်ရင်က ဆိုပါတယ်။
အင်္ဂလန်မှာတော့ ဆေးရုံကို အသက်ရှုရခက်တဲ့ လူနာမှသာ လက်ခံကာ တင်ပေးပြီး အောင်ရင်ကတော့ အိမ်မှာပဲ Self-Quarantine လုပ်ကာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
မနက်တိုင်း Vitamin C တလုံးနဲ့ ပါရာစီတမောကို သောက်သုံးပြီး အောင်ရင်ရဲ့သူငယ်ချင်း ဆရာဝန်များဟာလည်း ကိုရိုနာဗိုင်းစ်ကြောင့် နေမကောင်းဖြစ်ခဲ့ပေမယ့် အိမ်မှာနေထိုင်ရင်း ပြန်ကောင်းလာတာကြောင့် အကြောက်မလွန်ကြဖို့လည်း ပြောခဲ့ပါတယ်။
“ပါရာစီတမော ၂ လုံး ၄ ကြိမ်နဲ့ ၁၂ ရက်မနက်တိုင်း Vitamin C တလုံး သောက်ပါတယ်။ ဘိလပ်က ကျနော့်ရဲ့ သူငယ်ချင်း ဆရာဝန် ၃ ယောက်ဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေမကောင်းဖြစ်တာ အိမ်မှာ ၂ ပတ် Self Quarantine လုပ်ပြီး ပြန်ကောင်းတာတွေ့ရလို့ အမျိုးတွေကိုလည်း သိပ်ပြီး အကြောက်မလွန်ဖို့ ပြောချင်ပါတယ်။ ကိုယ်ခံအားကောင်းဖို့သာ ဂရုစိုက်ကြပါ။ ကျနော့်ကိုလည်း ကိုယ်ခံအားကောင်းဖို့ ယခုလို ချက်ပြုတ်ကျွေးတဲ့ ဒေါ်မိုးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ အောင်ရင်က ဆိုထားပါတယ်။
အိမ်မှာနေပြီး ဇနီးဖြစ်သူ ချက်ပြုတ်ကျွေးမွေးတဲ့ အစားအစာများကို စားသောက်ရင်း ကျန်းမာအောင်နေထိုင်ပြီး သူ့ရဲ့ကျန်းမာရေးအတွက် စိတ်ပူနေကြတဲ့သူများကိုလည်း ကျေးဇူးတင်ကြောင်း အောင်ရင်က ပြောပြခဲ့ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာလည်း COVID -19 ရောဂါပိုး တွေ့ရှိသူ အယောက် ၂၀ ရှိနေပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
You may also like these stories:
အမေရိကန်မှာ စံချိန်တင် ကိုရိုနာဗိုင်းရပ်စ် ၂၀၀,၀၀၀ ကျော် ကူးစက်ခံရ
UK မှာ Lockdown ချထားတဲ့မြို့ထဲ ဆိတ်အုပ်စု ဝင်ရောက်လာ
COVID-19 ပျံနှံ့မှုတွေကြောင့် Wimbledon ပွဲစဉ်များ ဖျက်သိမ်း