နာမည်ကျော် “Hunger Games” ရုပ်ရှင်ရဲ့ ရှေ့ကြိုဇာတ်လမ်းတခုကို ဖန်တီးနေတယ်လို့ သိရပါတယ်။ လာမယ့် မေလ ၁၉ ရက်နေ့မှာဖြန့်ချိမယ့် စာရေးဆရာမ Suzanne Collins ရဲ့ “The Ballad of Songbirds and Snakes” ဝတ္ထုကို ရုပ်ရှင်အဖြစ် ဖန်တီးမှာဖြစ်တဲ့အကြောင်း Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက ဧပြီလ ၂၁ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အဲ့ဒီ ဝတ္ထု စာအုပ်ထဲမှာတော့ “The Hunger Games” ဖြစ်ရပ်တွေ မတိုင်ခင် Panem 64 အကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။
Panem ရဲ့ အကြီးအကဲ ဖြစ်လာမယ့် အသက် ၁၈ နှစ်အရွယ် Coriolanus Snow ဇာတ်ကောင်ကို အဓိက ပုံဖော်မယ်လို့ သိရပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းအပိုင်း ၃ ခုထဲမှာ ပရိသတ်တွေ မုန်းခဲ့ကြတဲ့ Snow ကို ရင်းနှီးဖော်ရွေတဲ့ သူရဲကောင်းတယောက် အနေနဲ့ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
ကနေဒါ မင်းသား Donald Sutherland က အဲ့ဒီနာမည်ကျော် ရုပ်ရှင်တွေထဲမှာ Panem ရဲ့ လူဆိုးခေါင်းဆောင်တဦးအနေနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။ အခုရုပ်ရှင်အသစ်ဟာ ရုံဝင်ငွေဒေါ်လာ ၃ ဘီလီယံ နီးပါးရရှိခဲ့တဲ့ “Hunger Games” ၊ “Catching Fire” နဲ့ “Mockingjay” အပိုင်း (၁)၊ (၂) တွေရဲ့ နောက်ပိုင်းမှာ ထွက်လာမယ့်ရုပ်ရှင်လည်း ဖြစ်ပါတယ်။
Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဥက္ကဋ္ဌ Joe Drake က “Suzanne ရဲ့ စာအုပ်အသစ်ဟာ စောင့်ရတာ တန်ပါတယ်။ The Hunger Games ရုပ်ရှင်ကနေ ပရိသတ်တွေ မျှော်လင့်နေတဲ့အရာတွေကို ပေးနိုင်မှာဖြစ်ပြီး ဇာတ်လမ်းပုံစံနဲ့ ဇာတ်ကောင်အသစ်တွေကိုလည်း မိတ်ဆက်ပေးနိုင်မှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဇာတ်ညွှန်းရေးဆရာ Michael Arndt နဲ့အတူ အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်မယ့် စာရေးဆရာမ Suzanne က “Lionsgate ဟာ The Hunger Games ရဲ့ ရုပ်ရှင်အိမ်တခုလို လိုဖြစ်ခဲ့ပါတယ်။ အခု စာအုပ်အသစ်နဲ့အတူ သူတို့ဆီပြန်လာရတာ ပျော်ပါတယ်” လို့ ပြောပါတယ်။
“Catching Fire” နဲ့ “Mockingjay” ရုပ်ရှင် ၂ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Francis Lawrence ဟာ အခုရုပ်ရှင်အသစ်ကို ရိုက်ကူးမှာဖြစ်ပြီး မူရင်းရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့သူ Nina Jacobson ကထုတ်လုပ်သူအဖြစ် ပါဝင်လာမှာလည်း ဖြစ်ပါတယ်။
“Hunger Games” ရုပ်ရှင်မှာ မင်းသမီး Jennifer Lawrence က Katniss Everdeen ၊ မင်းသား Josh Hutcherson က Peeta Mellark အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Liam Hemsworth, Woody Harrelson နဲ့ Elizabeth Banks တို့လည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Ref: etcanada