COVID-19 ကြောင့် ဒုက္ခရောက်ရတာ လူတွေချည်းပဲ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေလည်း ဒုက္ခရောက်ကြရပါတယ်။ ထိုင်းနိုင်ငံရဲ့ ကယ်ဆယ်ရေးဖောင်ဒေးရှင်းတွေမှာ နေထိုင်ကြတဲ့ ဆင် အပါအဝင် တခြားတိရစ္ဆာန်တွေလည်း ဒုက္ခရောက်ကြရပါတယ်။
ထိုင်းနိုင်ငံအတွက်တော့ ဆင်တွေဟာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေတဲ့ တိရစ္ဆာန်ပါပဲ။ ထိုင်းနိုင်ငံမှာရှိတဲ့ဆင်စခန်းတွေကို နိုင်ငံတကာ ခရီးသွားအများအပြား လာရောက်လေ့ ရှိကြပါတယ်။
ထိုင်းနိုင်ငံမှာ ဇန်နဝါရီလလောက်ကတည်းက ခရီးသွားဧည့်သည် အရေအတွက် ကျဆင်းခဲ့ပါတယ်။ နောက်ပိုင်း နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တဲ့အခါ အခြေအနေတွေက ပိုမိုဆိုးဝါးသွားခဲ့ပြီ အလုပ် လက်မဲ့ဦးရေကလည်း ပိုမိုများပြားလာခဲ့ပါတယ်။
COVID-19 အန္တရာယ်ကို ကြီးကြီးမားမား ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း မတ်လ ၂၆ ရက်နေ့မှာ ထိုင်းအစိုးရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာရှိတဲ့ ဆင်စခန်းအားလုံးနီးပါး ပိတ်လိုက်ရပါတယ်။
ထိုင်းကို ရောက်ရှိနေတဲ့ နိုင်ငံခြားသား ခရီးသွားတွေကလည်း ဆင်စခန်းတွေမှာ စေတနာ့ဝန်ထမ်း လုပ်ပေးရမလား မေးလာကြတယ်လို့ သဘာဝဆင်ဥယျာဉ်က ဥက္ကဋ္ဌဖြစ်သူ Saengduean Chailert ကပြောပါတယ်။
အစိုးရက ကြေညာထားတဲ့ အရေးပေါ်အခြေအနေကို လိုက်နာရမှာဖြစ်တဲ့အတွက် သူတို့တောင်းဆိုမှု တွေကို ငြင်းပယ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။ COVID-19 မကူးစက်ခင် အချိန်တုန်းကတော့ ဆင်တွေဟာ ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ တိရစ္ဆာန်ပါ။ ဒီဆင်တွေကို ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဘဝကနေ ကယ်တင်ခဲ့ရတာဖြစ်တဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ပြဿနာတော့ ရှိနေပါသေးတယ်။
အရင်ကတော့ ဆင်စခန်းမှာ တပတ်ကြာနေထိုင်ပြီး ဆင်တွေကို ပြုစုယုယပေမယ့် နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ဘတ် ၁၂၀၀၀ ပေးရပါတယ်။ အဲဒီက ရတဲ့ ဝင်ငွေတွေကို ဆင်အတွက် သာမက မြင်း၊ တောဝက်နဲ့ ကျွဲတွေအတွက်ပါ အသုံးပြုရပါတယ်။ သဘာဝဆင်ဥယျာဉ်မှာ တိရစ္ဆာန်ပေါင်း ၂၀၀၀ ကျော် ရှိနေပါတယ်။
ပြီးခဲ့တဲ့လကတော့ ဥယျာဉ်အတွင်းမှာ ရှိနေတဲ့ တိရစ္ဆာန်တွေအတွက် အစားအသောက်နဲ့ ကျန်းမာရေးအတွက် ဘတ်ငွေ ၃ သန်းကျော် အသုံးပြုခဲ့ရပါတယ်။ COVID-19 ပြီးဆုံးသွားတဲ့အချိန်မှာတော့ သဘာဝ ဆင်စခန်းဟာ အခြေအနေ ပြန်လည် ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။
Ref: chiangraitimes
You may also like these stories:’
COVID-19 ကာလအတွင်း လူသားချင်း ကူညီနေကြတဲ့ ကမ္ဘာတဝှမ်းမှ အလှူရှင်များ
COVID-19 ကြောင့် အိမ်မပြန်နိုင်တဲ့ ရုရှားစုံတွဲ ထိုင်းဂူထဲမှာ နေထိုင်ခဲ့