ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut Chan-o-cha က ထိုင်းနိုင်ငံက အကြွယ်ဝဆုံး သူဌေးကြီး အယောက် ၂၀ ဆီကို ပန်ကြားလွှာ စာတစောင် ပေးပို့လိုက်ပါတယ်။ အဲဒီစာထဲမှာတော့ ကိုဗစ်ရောဂါကြောင့် စီးပွားရေးအရ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ထိခိုက်သွားတဲ့ ပြည်သူပြည်သားတွေကို ပရောဂျက်တွေ စီမံပြီး ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။
သူ့အစိုးရအနေနဲ့ အလှူငွေ လက်ခံတာမျိုးကိုတော့ မလုပ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အစိုးရတရပ် တခုတည်း အနေနဲ့ အခုကြုံတွေ့နေရတဲ့ အခက်အခဲကို မဖြေရှင်းနိုင်ကြောင်း အားလုံးရဲ့ ကူညီမှု၊ ပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညီညွတ်မှုလိုကြောင်း တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
ဒီ ကြီးမားတဲ့ ဒုက္ခဆိုးကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အစိုးရတရပ်ထဲက အဖြေတွေ မရှိတဲ့အကြောင်း အားလုံးလက်တွဲ ဆောင်ရွက်ကြဖို့လိုကြောင်း Team Thailand လိုမျိုး လုပ်ဆောင်ဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။
ဒီအခက်အခဲကို ကျော်လွှားဖို့အတွက် မိသားစု စိတ်ဓာတ်နဲ့ အလုပ် အတူတူ လုပ်ဖို့လိုကြောင်း ဝန်ကြီးချုပ်က ပြောကြားလိုက်ပြီး နိုင်ငံရေး အသွေးအရောင်တွေ၊ မတူကွဲပြားမှုတွေ ဒီအချိန်မှာ ရှိစရာမလိုဘူးလို့ ပြောဆိုလိုက်ပါတယ်။ (ထိုင်းအစိုးရရဲ့ ကိုဗစ်-၁၉ ကို ချဉ်းကပ်ပုံဟာ) အိမ်နီးချင်း နိုင်ငံတွေအတွက်လည်း လေ့လာစရာ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်က သူ့အနေနဲ့ ငွေကြေးအလှူကို လက်ခံမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပြီး ထိုင်းဘီလီယံနာ ၂၀ ကို တိုက်တွန်းလိုက်တာကတော့ ထိုင်းလူမျိုးတွေကို ကူညီဖို့၊ ပရောဂျက်တွေ လုပ်ဆောင်ပေးဖို့ သူက ပန်ကြားလိုက်ပါတယ်။ ပြည်သူတွေကို တိုက်ရိုက်ကူညီဖို့၊ ထိရောက်တဲ့ ဆောင်ရွက်ပံ့ပိုးမှုတွေပေးဖို့ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
You may also like these stories:
COVID-19 ကြောင့် ထိုင်းမှာ ဆင်များပါ ဒုက္ခရောက်နေ
အမေရိကန်သို့ အခြေစိုက်ရန် ဝင်လာမည့်သူများအား ဆိုင်းငံ့မည်
ထိုင်းမှာ COVID-19 ထပ်မံ ကူးစက်ခံရသူ ၁၉ ယောက်ရှိပြီး ၁ ဦး သေဆုံး