သြစတြေးလျနိုင်ငံဟာလည်း ကမ္ဘာတဝှမ်းမှာရှိတဲ့ တခြားနိုင်ငံတွေလိုပဲ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ရင်ဆိုင် ကာကွယ်နေရပြီး သြစတြေးလျတောမီး လောင်ကျွမ်းခဲ့စဉ်တုန်းက ကယ်ဆယ်ပေးထားတဲ့ ကိုအာလာတွေကို သူတို့ နေထိုင်ကျက်စားရာ တောထဲ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နိုင်ငံတွင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ကုန်ခါနီးမှာ ဖြစ်ပွားခဲ့တဲ့ သြစတြေးလျ တောမီး လောင်ကျွမ်းမှုမှာ ကယ်ဆယ်ထားခဲ့တဲ့ ကိုအာလာတွေအပြင် တခြား နို့တိုက်သတ္တဝါတွေလည်း ပါဝင်ခဲ့ပြီး တောထဲ ပြန်မလွှတ်ခင် အချိန်ထိ တိရစ္ဆာန်ရုံတွေနဲ့ တိရစ္ဆာန် ဆေးရုံတွေမှာ သေချာပြုစု စောင့်ရှောက်ထားခဲ့တာလည်းဖြစ်ပါတယ်။
သြစတြေးလျတောမီးလောင်ကျွမ်းမှုဟာ မတ်လ ၃၁ ရက်နေ့မှာ အပြီး ငြိမ်းသတ်နိုင်ခဲ့ပြီး ကယ်ဆယ်ထားတဲ့ တောတွင်းတိရစ္ဆာန်လေးတွေကို အခုအချိန်မှာ ပြန်လွှတ်ပေးခဲ့တာပါ။
ဆစ်ဒနီမြို့အခြေစိုက် NGO အဖွဲ့တခုဖြစ်တဲ့ Science for Wildlife အဖွဲ့ဟာ တိရစ္ဆာန်လေးတွေကို သူတို့ နေထိုင် ကျက်စားရာ တောင်တန်းပြာတွေဘက်မှာ မတ်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
အခု ပထမဆုံးအကြိမ် လွှတ်ပေးခဲ့တဲ့ ကိုအာလာတွေကို လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက ကယ်ဆယ်ခဲ့တာဖြစ်ပြီး ဆစ်ဒနီမြို့မှာ တည်ရှိတဲ့ Taronga တိရစ္ဆာန်ရုံမှာ ထိန်းသိမ်း ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။
“သူတို့နေထိုင်ရာ ကျင်လည် ကျက်စားရာ အိမ်ဆီ ပြန်လွှတ်ပေးလိုက်ရတဲ့အတွက် ကျနော်တို့လည်း အတိုင်းမသိ ပျော်ရွှင်ရပါတယ်။ တချို့ တောမီး လောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ နေရာတွေမှာလည်း သစ်ပင်တွေ ပြန်လည် ပေါက်ရောက်လာပြီ ဖြစ်တဲ့အတွက် သူတို့ ဆက်ပြီး ရှင်သန်ဖို့ အထောက်အကူ ဖြစ်မှာပါ” လို့ Science for Wildlife ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Kellie Leigh က ဆိုပါတယ်။
Ref. www.independent.co.uk
You may also like these stories:
ကိုအာလာပုံ ဆပ်ပြာခဲတွေ ထုတ်ပြီး သြစတြေးလျတောမီးအတွက် လှူဒါန်းမယ့် Lush အလှကုန်
တောမီးဒဏ်သင့် တိရစ္ဆာန်တွေအတွက် Koala ရွှံ့ရုပ်လုပ်ပြီး အလှူငွေရှာပေးနေတဲ့ ကလေးငယ်
သြစတြေးလျ တောမီးကနေ ကိုအာလာတွေကို ကားနဲ့ ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက် တချို့