လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါကနေ ကင်းဝေးဖို့ ဆုတောင်းပေးနေတယ် ဆိုတဲ့ အဆိုတော် နောနော်က ဒီအချိန်မှာ စိတ်ဓာတ်မကျဖို့လည်းလိုကြောင်း ပြောပါတယ်။
“အားလုံးက ခက်ခဲပြီး စိတ်ညစ်နေကြမှာပေါ့။ စိတ်ဓာတ်လည်း မကျကြပါနဲ့။ ကျနော်တို့ မြန်မာပြည်ကြီးကို ဆုတောင်းပေးကြဖို့ပေါ့။ ဒီရောဂါတွေ ဖြစ်နေတာကို ဘုရားက လုပ်ပေးနိုင်တယ်။ အဲ့အတွက် ဘုရားကို အားကိုးပြီးတော့ ရောဂါ ကူးစက်ခံရတဲ့သူတွေကိုလည်း ဆုတောင်းပေးသလို လူတွေ အားလုံးလည်း ရောဂါကနေ ကင်းဝေးဖို့ ဆုတောင်းပေးနေပါတယ်”လို့ အဆိုတော် နောနော်က ပြောပါတယ်။
ဆက်လက်ပြီး နောနော်က အခုချိန်မှာ မဖြစ်မနေ အလုပ်လုပ်နေရသူတွေကိုလည်း အပြင်သွားခါနီးတိုင်း ဘုရားထံ ဆုတောင်းပြီး လုပ်ကိုင်ကြဖို့ အခုလိုပဲ ပြောပါတယ်။
“ကျနော် အရင်ကထက်စာရင် ဘုရားနဲ့ ပိုနီးသွားတယ်။ တနေ့ ၂ ခေါက်လောက်တော့ ဆုတောင်းပေးဖြစ်ပါတယ်။ အခုချိန်မှာ မဖြစ်မနေ အလုပ်လုပ်နေရတဲ့သူတွေလည်း သွားခါနီးတိုင်း ဘုရားလက်ထဲ အရင်ထည့်ပါ။ ရောဂါပိုးက မမြင်နိုင်တဲ့အတွက် ဆုတောင်းပြီး လုပ်ကြကိုင်ကြပါ။ ဆရာဝန်တွေကလည်း သူတို့လည်း ကယ်နေတာပဲ”
“ဘုရားအလိုတော်အတိုင်း ကြိုက်နှစ်သက်တဲ့ အလုပ်ဖြစ်တယ်။ သူတို့လည်း ကုသိုလ်ရကြမှာပါ။ အဲ့အတွက် ကောင်းခြင်း ရလဒ်တွေ ရရှိကြမှာပါ။ သူတို့လည်း ဆုတောင်းပေးပါတယ်။ မထင်မှတ်ဘဲ ဖြစ်လာတဲ့ ရောဂါဖြစ်တာကြောင့် ဘုရားကို နံပါတ် ၁ ထားကြပါ”လို့နောနော်က ပြောပါတယ်။
ဆုတောင်းတဲ့သူတွေကလည်း ရောဂါကူးစက်ဖို့ လုပ်ကြတာ မဟုတ်တဲ့အတွက် ဒီရောဂါနဲ့ ပတ်သက်ပြီးပြောရရင် အပြစ်မရှိဘူးလို့ နောနော်က ဆိုပါတယ်။
“ဆုတောင်းပွဲကြောင့် ရောဂါကူးစက်တာ ပိုများတယ်လို့ ပြောကြတယ်။ ဆုတောင်းတဲ့သူတွေကလည်း ရောဂါကူးစက်ဖို့ လုပ်ကြတာ မဟုတ်တဲ့အတွက် ဒီရောဂါနဲ့ ပတ်သက်ပြီးပြောရရင် အပြစ် မရှိပါဘူး။ မမျှော်လင့်ဘဲ ရောဂါ ကူးစက်ခံသွား ရတာပေါ့။ တရားခံလည်း မဟုတ်သလို ဘာသာရေး အဖျက်အဆီးလည်း မဟုတ်ဘူး။ ဘယ်သူကတော့ ရောဂါကူးချင်မလဲနော်”
“သတိထားနေရင်းကြားက ရောဂါကူးသွားတာဆိုတော့ ဘာသာရေးပွဲအတွက် စိတ်မကောင်းစရာပေါ့။ ရောဂါက ဖြစ်နေတာကြာပြီ။ ရောဂါက ဘယ်ကနေဘယ်လို ပေါ်လာမှန်း မသိဘူးလေ။ တချို့က အမြင်မကြည်တာရှိကြတော့ ဝေဖန်တာတွေ ရှိကြတာပေါ့။ ကျနော် မြင်လိုက်ရတာတခုက ကျနော်တို့ မြန်မာပြည်ကြီးက ဘာသာတရား အရမ်းများတယ်။ ခရစ်ယာန်၊ ဗုဒ္ဓ၊ မူစလင် စသဖြင့်ပေါ့”
“Comment တွေ ကြည့်ခြင်းဖြင့် ကျနော်တို့ မြန်မာလူမျိုးက ဘုရားကိုးကွယ်မှု အင်မတန် အားနည်းတယ်လို့ မြင်ရတယ်။ ကိုယ့်ဘာသာတရားနဲ့ အဆုံးအမကို တော်တော်များများ မလိုက်နာကြဘူး။ ဆဲနေကြတယ်။ မေတ္တာပို့ရမယ့်အစား ဆဲကြတယ်။ မဆိုင်တာတွေ ပြောကြတယ်။ ကူးစက်ခံရတဲ့ ရောဂါဝေဒနာတွေကို ဆုတောင်းပေးရမှာလေ။ ဆုတောင်းပေးကြဖို့ပဲ ပြောချင်ပါတယ်။ အစိုးရက လူစုလူဝေးမလုပ်ဖို့ ပြောတာကို လုပ်တာတော့ မှားတယ်လို့ ထင်ပါတယ်”လို့ နောနော်က ပြောပါတယ်။
You may also like these stories:
အပြင်ထွက် အလုပ်လုပ်ရသူတွေကို ဂရုစိုက်ပြီး သွားကြဖို့ အဆိုတော် နေဝင်း ပြော
ကိုဗစ်ကာလမှာ ပရိသတ်တွေနဲ့အတူ နီနီခင်ဇော် ဖန်တီးထားတဲ့ “တနေ့” သီချင်း