နာမည်ကျော် မင်းသား ဆောင်းဂျွန်ကီ ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် ကိုရီးယားရုပ်ရှင် “Space Sweepers” ကို အခုနွေရာသီကာလမှာ ဖြန့်ချိမှာ ဖြစ်တယ်လို့ ထုတ်လုပ်သူတွေက အတည်ပြုလိုက်ပြီး ရုပ်ရှင်အတွက် အမြည်းဗီဒီယို ကို ဖြန့်ချိခဲ့ပါတယ်။
Merry Christmas ထုတ်လုပ်ရေးကုမ္ပဏီက ရုပ်ရှင်အတွက် ပထမဆုံး အမြည်းဗီဒီယိုကို ဖြန့်ချိခဲ့တာဖြစ်ပြီး ရုပ်ရှင်ပြသမယ့်ရက်ကိုတော့ အတည်မပြုသေးပါဘူး။
ကိုရီးယားဘာသာစကားနဲ့ “Spaceship Victory” လို့ခေါ်တဲ့ အဲ့ဒီရုပ်ရှင်ထဲမှာ ဆောင်းဂျွန်ကီနဲ့ ကင်ထယ်ရီတို့လို နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ယူဟိုင်ဂျင်နဲ့ ဂျင်ဆွန်းဂျုတို့ဟာလည်း အခုနှစ်အတွက် ပရိသတ်တွေ စိတ်ဝင်စားမှုအခံရဆုံး အဲ့ဒီရုပ်ရှင်ထဲမှာ ပါဝင်ထားပါတယ်။
အဲ့ဒီရုပ်ရှင်ဟာ ၂၀၉၂ ခုနှစ်၊ အနာဂတ် အချိန်ကာလတခုကို ဇာတ်အိမ်တည်ထားပြီး အာကာသထဲမှာ မသုံးတော့တဲ့ ဂြိုဟ်တုတွေ၊ အာကာသယာဉ်တွေအပါအဝင် အန္တရာယ်ရှိတဲ့ အာကာသအမှိုက်တွေနဲ့ ပြည့်နှက်နေချိန်လည်း ဖြစ်ပါတယ်။
ငွေကြေးနဲ့ ပြန်ရောင်းချနိုင်မယ့် တန်ဖိုးကြီး အမှိုက်တွေကို ရှာဖွေဖို့လုပ်ဆောင်နေတဲ့ Victory ဆိုတဲ့ အမှိုက်သိမ်း ယာဉ်အမှုထမ်းတွေအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ အဲ့ဒီလိုလုပ်ဆောင်နေစဉ်အတွင်းမှာ ယာဉ်အမှုထမ်းအဖွဲ့ဟာ ဖျက်အားပြင်းလက်နက်တခုကို ရှာဖွေတွေ့ရှိခဲ့ပြီးအဲ့ဒီနောက်ကွယ်က အန္တရာယ်ကြီးမားတဲ့ စီးပွားရေးဆိုင်ရာ အပေးအယူတခုမှာ ပါဝင်ပတ်သက်ခဲ့ရပါတယ်။
၂၀၁၇ ခုနှစ်က ဖြန့်ချိခဲ့တဲ့ “The Battleship Island” ရုပ်ရှင်နောက်ပိုင်း မင်းသားဆောင်းအတွက် ဒါဟာ ပထမဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပြီး Victory ပိုင်းလော့ ထယ်အို အဖြစ် သရုပ်ဆောင်ထားပါတယ်။ ရုပ်သံစီးရီးတွေနဲ့ ရုပ်ရှင်၂ခုလုံးမှာ အောင်မြင်မှုရနေတဲ့ မင်းသမီးကင်ကတော့ လူငယ်အမျိုးသမီး ကပ္ပတိန်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။
ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အာကာသရုပ်ရှင်ကိုတော့ ဒါရိုက်တာ ဂျိုဆောင်ဟီးက ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာ ဂျိုဟာ ၂၀၁၂ ခုနှစ်က မင်းသား ဆောင်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “A Werewolf Boy” ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။
Ref:koreahearld