ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ကာလအတွင်းမှာ လိုအပ်နေသူတွေအတွက် တတ်စွမ်းသလောက် ကူညီပေးနိုင်နေသူတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီထဲကမှ ထိုင်းနိုင်ငံမှာ လိုအပ်သူတွေကို မျှဝေပေးနေတဲ့ ပရဟိတ အဖွဲ့အစည်းတွေ ရှိလာသလို၊ တတ်နိုင်သလောက် သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းလာသူတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။
လိုအပ်သူတွေကို မျှဝေပေးမယ့် ပရောဂျက်ကို စတင်ခဲ့သူကတော့ ထိုင်းနိုင်ငံက Little Bricks ဆိုတဲ့ ပရဟိတ အဖွဲ့အစည်းတခုပါ။ မေလဆန်းပိုင်းမှာပဲ အဆိုပါ အကြံအစည်ကို အကောင်အထည် ဖော်ခဲ့ကြပါတယ်။ မူလအစ အမေရိကန်နိုင်ငံ၊ Arkansas ပြည်နယ်က Jessica McClard ရဲ့ အိုင်ဒီယာကို မှီပြီး Little Free Pantries တွေ ကို ပုံဖော်ခဲ့တာလို့ ပုံစံဖော်ခဲ့သူ Bank Supakit Kulchartvijit က ဆိုပါတယ်။
ပြန်လည် ဝေမျှနေတဲ့ အစီအစဉ်ရဲ့ ဆောင်ပုဒ်က “မင်းလိုအပ်တာ ယူသွားပါ။ မင်းပေးနိုင်တာ ထားခဲ့ပါ” လို့ အဓိပ္ပာယ် ရှိပါတယ်။ ဒါကြောင့်လည်း နေ့စဉ် လိုအပ်မယ့် ပစ္စည်းတွေနဲ့ အခြေခံ စားသောက်ကုန်တွေကို အမှန်တကယ် လိုအပ်နေသူတွေအတွက် ဖြည့်တင်းပေးထားပြီး လှူဒါန်းချင်သူတွေကလည်း တတ်နိုင်သလောက် ဖြည့်ပေးနိုင်ပါတယ်။
Little Bricks ပရဟိတအဖွဲ့ကနေ Free Pantries တွေကို ဘန်ကောက်မြို့ပေါ်မှာ ၄ ခု၊ Rayong မှာ ၁ ခု ထားရှိကာ အနီးအနားကသူတွေလည်း လိုက်ပါလုပ်နိုင်အောင် ဦးဆောင်ပြသပေးခဲ့တာလို့ ဆိုပါတယ်။ သူတို့ အစပြုခဲ့တဲ့ Free Pantries လေးတွေဟာ အခုဆိုရင် လမ်းဘေးမှာ အများအပြားရှိလာခဲ့ပါပြီ။
လက်ရှိအချိန်ထိ Free Pantries စုစုပေါင်း၂၄၉ ခုကို ရပ်ကွက် ၅၁ ခုမှာ တွေ့မြင်နိုင်ပြီလို့ Supakit က ဆိုပါတယ်။ ဒါကြောင့် လမ်းသွားလမ်းလာရင်း လမ်းဘေးမှာ ကြောင်အိမ်လေးတွေ တွေ့ခဲ့မယ်ဆိုရင် ဓာတ်ပုံရိုက်ပြီး သူ့ဆိုရှယ်မီဒီယာကို လာရောက်ဝေမျှပေးဖို့ Supakit က အဆိုပြုထားပါတယ်။ အထဲမှာ ဆန်၊ နို့၊ ကြက်ဥ၊ သစ် သီး၊ ရေသန့်ဘူးနဲ့ အသင့်စားခေါက်ဆွဲခြောက်တွေကို ထည့်ပေးထားပါတယ်။
နောက်ထပ် ဝေမျှပေးနေတဲ့ အစီအစဉ်ကတော့ “Buy your friend a meal” ပါ။ ထိုင်းမင်းသမီး Inthira Charoenpura က အီတလီနိုင်ငံရဲ့ ကော်ဖီဆိုင်မှာ ကျသင့်ငွေထက် အပိုပိုက်ဆံပေးပြီး လိုအပ်နေသူကို ကော်ဖီ အခမဲ့တိုက်တဲ့ အိုင်ဒီယာအပြင်၊ တက်ကြွလှုပ်ရှားသူ ကျောင်းသား Netiwit က ကွေ့သယို ဆိုင်မှာ ကျသင့်ငွေ ရှင်းထားပြီးသား အစားအသောက်တွေကို ကူပွန်တွေနဲ့ လဲပြီး အခမဲ့ ပေးနေတာကိုပါ တွေ့ပြီးနောက်မှာ Nothaburi မှာရှိတဲ့ သူမရဲ့ ကော်ဖီဆိုင်ရှေ့မှာလည်း အခမဲ့ ကော်ဖီ သောက်ခွင့် ကူပွန် အခု ၂၀ ဝေမျှပေးခဲ့ပါတယ်။
အခုတော့ Inthira လုပ်သလို ဘေးနားက စားသောက်ဆိုင်တွေကပါ အစားသောက်တွေကို အခမဲ့ ကူပွန်နဲ့ လာရောက် စားသောက်နိုင်အောင် ဝေမျှပေးနေကြပြီ။ ဒီအစီအစဉ်မှာ ကိုယ်တိုင် ပါဝင်ချင်သူတွေကလည်း အစားအသောက်နဲ့ ငွေသား လာရောက် လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
Ref: Bangkok Post
You may also like these stories:
လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ
COVID-19 ကာလမှာ အပြင်မသွားကြဖို့ တိုက်တွန်းလိုက်တဲ့ သရုပ်ဆောင် ဇဏ်ခီ
စားဝတ်နေရေး ရုန်းကန်နေရတဲ့ ပြည်သူတွေကို အားပေးစကားပြောတဲ့ ချမ်းချမ်း