COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန် ခက်ခဲတဲ့ အနုပညာရှင်တွေ တွေ့ရင် စိတ်မကောင်းဘူးလို့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် အိတုံက ဆိုပါတယ်။
“ရုပ်ရှင်အစည်းအရုံးက စားနပ်ရိက္ခာတွေ လှူဒါန်းပေးတော့ ကျေးဇူးတင်တာပေါ့။ အခုချိန်မှာ ကျမတို့ အတွက် အများကြီး အထောက်အကူပြုတယ်။ အဆင်မပြေတဲ့သူတွေအတွက် တပတ်စာ၊ ၁၅ ရက်စာ ရတော့ လှူတဲ့သူတယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်”
“ကျမကတော့ အရမ်းမခက်ခဲဘူး။ ကျမ ယောကျာ်းကလည်း ဝန်ထမ်းဆိုတော့ ဝင်ငွေလေးရှိတော့ အရမ်းမခက်ခဲသွားဘူး။ ကိုယ့်ထက်ခက်ခဲတဲ့ အနုပညာရှင်တွေ တွေ့ရင် စိတ်မကောင်းဘူး။ ကျမတို့ အနုပညာရှင်တွေလည်း အားတင်းထားပါ။ ပြန်ကောင်းလာမှာပါ”အိတုံက ပြောပါတယ်။
အနုပညာသမားတွေ ဈေးရောင်းနေကြတာကို ဝေဖန်နေကြတဲ့အပေါ် သရုပ်ဆောင် အိတုံက အခုလိုပဲ ပြောပါတယ်။
“အနုပညာရှင်ဆိုတာလည်း လူထဲကလူပဲမို့ အနုပညာမှ မလုပ်ရင် မလုပ်တတ်ကြဘူး။ ကိုယ်တိုင်လည်း မလုပ်တတ်ပေမယ့် ရှေ့နည်းနည်းလေး စောပြီးလုပ်လိုက်သလို ဖြစ်တာကြောင့် မှန်သွားတယ်။ အနုပညာ မလုပ်ရရင် ဘာလုပ်ရမှန်း မသိဘူး။ အွန်လိုင်းခေတ်ဆိုတော့ အွန်လိုင်းကနေ ရောင်းရင် ရောင်းရမယ်ဆိုတာသိနေတော့ သူတို့အတွက် အဆင်ပြေမှာလေးတွေ ရောင်းကြတာပေါ့”
“သူတို့တွေလည်း အဆင်မပြေတဲ့ကာလမို့ လုပ်တာပါ။ အနုပညာသမားက အနုပညာနဲ့ စီးပွားရေး ဘယ်ဟာရွေးမလဲဆို အနုပညာကိုပဲ ရွေးကြမှာပါ။ အဲ့တော့ အားလုံးကို အပြစ်မမြင်စေချင်ပါဘူး။ အပြစ်မြင်တဲ့သူတွေကိုလည်း ဘာမှမပြောလိုပါဘူး”လို့ အိတုံက ပြောပါတယ်။
လက်ရှိမှာတော့ အိတုံဟာ သမီးလေး ၁ ဦးကို ပိုင်ဆိုင်ထားပြီး ဒုတိယမြောက် လွယ်ထားရတဲ့ ကိုယ်ဝန်ကိုတော့ သားလေး လိုချင်တယ်လို့ ဆိုပါတယ်။
“ကိုယ်ဝန်ကိုတော့ OG မပြရသေးဘူး။ OG မှာသွားပြတော့ ကိုယ်ဝန်ဆောင်တွေ အရမ်းများတော့ မပြရဲဘူး။ လိုအပ်တဲ့ အားဆေးတွေ အမျိုးသားက ဝယ်ပေးတယ်။ တခုခုဆို ပြောလို့ မရဘူး။ အခုချိန်မှာ ရောဂါတွေ ဖြစ်နေတာကြောင့် ကြောက်နေတာနဲ့ မပြရဲသေးဘူး။ ဘယ်နှစ်လမှန်းတော့ သေချာမသိသေးဘူး။ ခန့်မှန်း ၃၊ ၄ လလောက်တော့ ရှိပြီ”
“ကိုယ်ဝန်ရှိပြီ သိလိုက်တော့ ကြောက်တာပေါ့။ မွေးထားတဲ့ ကလေးတယောက်တောင် ဘယ်လို မွေးရဆိုပြီး မသိသေးဘူး။ နောက်တယောက် ရောက်လာမှာကို ကြောက်တာပေါ့။ အခုတော့ မကြောက်တော့ဘူး။ ကိုဗစ်ကာလမှာ အလုပ်လည်း အဆင်မပြေသေးချိန် ကိုယ်ဝန်ဆောင်တယ်ဆိုတာ မှန်တယ်လို့ပဲတွေးလိုက်တယ်။ ကျမက သားလေးလိုချင်တာ၊ သမီးနဲ့ အမျိုးသားကတော့ သမီးလေး ဖြစ်စေချင်ကြတယ်”လို့ အိတုံက ပြောပါတယ်။
သရုပ်ဆောင် အိတုံကတော့ ယခင်က ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ဇာတ်ပို့ ဇာတ်ရံ တဦးအနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဇာတ်ကားများ အရိုက်နည်းသွားချိန် အွန်လိုင်းမှာ Live လွှင့်ကာ ဈေးရောင်းနေသူလည်း ဖြစ်ပါတယ်။