အဆိုတော် ထူးအိမ်သင်ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်းကို Idiots Band မှ Music Arrangement ပြုလုပ်ကာ အဆိုတော် ရေမွန် အပါအဝင် အဆိုတော် ၆ ယောက် ပါဝင် သီဆိုထားပါတယ်။
ဒီသီချင်းကိုတော့ ပရိသတ်များက နားထောင်ပြီး Like၊ Share ပြုလုပ်ရုံဖြင့် ငွေကျပ် ၁၀၀ ကို COVID -19 ကူညီရေးအတွက် လှူဒါန်းပြီးသား ဖြစ်တယ်လို့ အဆိုတော် ရေမွန်က ဧရာဝတီကို ပြောပါတယ်။
“အဓိကကတော့ Tuborg ဘီယာက စစီစဉ်တယ်။ ဦးငှက်ရဲ့ “ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်းကို Cover ပြန်လုပ်တာပေါ့။ ကျနော်တို့ Idiots Band က တီးတယ်။ တခြားအနုပညာရှင် ၆ ယောက်ရယ် ကျနော်ရယ် ဆိုတယ်။ တီးတာရယ်၊ Arrangement တွေကတော့ ကျနော်တို့ Idiots Band ကပဲ လုပ်တာပေါ့။ သီချင်းက ထွက်တောင် ထွက်သွားပြီ”
“ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်း
“Tuborg Page မှာလည်း ကြည့်လို့ရတယ်။ ကျနော်တို့ အကောင့်မှာလည်း Share ထားတယ်။ အဓိက ရည်ရွယ်ချက်လေးက ဒီဗီဒီယိုလေးကို Facebook ပေါ်မှာ Like တချက်နှိပ်တိုင်း၊ Share တခု လုပ်တိုင်း ၁၀၀ ကျပ်စီ COVID-19 ကူညီရေးအတွက် လှူဒါန်းသွားမှာပါ။ Clean Yangon အဖွဲ့ကိုလှူဒါန်းသွားမှာပါ။ သိန်း ၁၀၀ ကျပ်ပြည့်တဲ့အထိပေါ့” လို့ အဆိုတော် ရေမွန်က ပြောပါတယ်။
ဒီအလှူကိုတော့ ငွေကျပ်သိန်း ၁၀၀ ပြည့်တဲ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး Clean Yangon အဖွဲ့ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။ သီချင်းကိုတော့ Idiots Band မှ စီစဉ်တီးခတ်ပေးထားပြီး အဆိုတော် ဝေလ၊ သာဒီးလူ၊ ရေမွန်၊ တင်ဇာမော်၊ ချမ်းချမ်း၊ နီနီခင်ဇော် တို့က သီဆိုထားတာ ဖြစ်ပါတယ်။
“ကမ္ဘာမြေငြိမ်းချမ်းပါစေ” သီချင်းကိုတော့ Tuborg Page၊ JOOX နဲ့ အနုပညာရှင်များရဲ့ Page များမှာလည်း ဝင်ရောက်ကြည့်ရှု နားဆင်နိုင်ပါတယ်။
အောင်မြင်ကျော်ကြားပြီးသား သီချင်းကို ပြန်လည် တီးခတ် သီဆိုကြတဲ့အခါ ဘယ်လို စိတ်ဖိစီးမှုတွေ ရှိလဲဆိုတာကိုလည်း ရေမွန်က အခုလို ပြောပြခဲ့ပါတယ်။
“ဖိအားကတော့ နည်းနည်းများတာပေါ့။ ဦးငှက်သီချင်းဆိုတာနဲ့တင် ကြောက်နေပြီ။ အရှေ့မှာ “မဟာဝီရ အို ဗုဒ္ဓ” ကို ဦးငှက်ရဲ့အမှတ်တရပွဲမှာ ဆိုဖူးတယ်။ အဲ့တုန်းကလည်း ကျနော် အဆဲခံရတယ်။ ရေလည် အဆဲခံရတာ။ ဒါကလည်း အမြင်မပွင့်လင်းသေးတဲ့ ခေတ်ဆိုတော့ နားလည်ပါတယ်။ ဒီလိုမျိုးပဲ ဖြစ်တတ်ပါတယ်။ အခုလည်း ဦးငှက်သီချင်းကို လုပ်ရမယ်ဆိုတော့ ကြောက်တော့ ကြောက်တယ် စလုပ်ရမှာ”
“ဒါပေမဲ့ ကိုယ်ကအနုပညာကို တတ်စွမ်းသလောက် အရိုးသားဆုံးလုပ်တဲ့အတွက် ကျနော်ကတော့ လိပ်ပြာလုံတယ်ဗျာ။ အေးဆေးပဲ။ ဝန်လေးနည်းနည်း ပိတာကလွဲလို့ အေးဆေးပဲ လုပ်လိုက်ပါတယ်။ နားထောင်ကောင်းအောင် Music ပေါင်းစုံပေါင်းပြီး ထည့်ထားပါတယ်” လို့ ရေမွန်က ပြောပါတယ်။
ရေမွန်ကတော့ ကိုဗစ်ကာလမှာ “ဆုတောင်း” ဆိုတဲ့သီချင်းတပုဒ်လည်း ထွက်ရှိထားပြီး အခုဆိုရင် သူ့ရဲ့ကိုယ်ပိုင် Game Channel ဖြစ်တဲ့ Idiot Ray ကိုလည်း ပြုလုပ်ထားပါတယ်။ ရေမွန်ကိုယ်တိုင်လည်း ကိုဗစ်ကာလမှာ တတပ်တအား လှူဒါန်းမှုများ၊ လုပ်အားပေးမှုများကို We Love Yangon၊ Clean Yangon တို့မှာ ပါဝင်ကူညီနေတာ တွေ့ရပါတယ်။
You may also like these stories
အမျိုးသမီး တေးသံရှင် ၅ ယောက် သီဆိုမယ့် ဆောင်းဦးလှိုင်ရဲ့ “ဒို့ကမ္ဘာ” သီချင်း
မိုးရာသီမှာ သီချင်းသစ် ထွက်မယ့် ရွှေမှုံရတီ
အဆိုတော် နီတာ ပြောပြတဲ့ ကိုဗစ် အတွေ့အကြုံ