လာမယ့် ဇူလိုင်လအတွင်း အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ရန်အတွက် အစိုးရရဲ့ ထုတ်ပြန် ကြေညာတဲ့အပေါ် ဒါရိုက်တာ ကိုပေါက်က ကျန်းမာရေး အခြေအနေတွေ မတည်ငြိမ်သေးတဲ့အခြေအနေမှာ ကလေးတွေရဲ့ပညာရေးအတွက် ၁ နှစ် စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။
“ဒီနှစ်မှာ ကျန်းမာရေးက အခုလိုပဲ မတည်ငြိမ်သေးဘူးဆိုရင် ကလေးတွေကို ကျောင်းမထားတော့ပါဘူး။ သူတို့လေးတွေရဲ့ကျန်းမာရေးက ကျနော်တို့ လင်မယား နှစ်ယောက်ရဲ့ အသက်ထက် အရေးကြီးပါတယ်။ သူတို့လေးတွေ တခုခုဖြစ်လို့ မရပါဘူး။ ကျောင်း ၁ နှစ် နောက်ကျသွားလို့ ဘာမှ မဖြစ်ပါဘူး”
“သူကအသက် ၁ နှစ် ကြီးသွားမယ်။ သူ ၁၀ နှစ်မှာ သင်ရမယ့်စာကို သူ ၁၁ နှစ်ရောက်မှ သင်ရမယ်ဆိုရင် သူ့ရဲ့မှတ်ဉာဏ်၊ သင်ယူမှုစွမ်းရည်၊ ဦးနှောက်တို့ရဲ့ကြီးထွားဖွံ့ဖြိုးမှုတွေက သူသင်ယူရမယ့် သင်ခန်းစာတွေကို အလွယ်တကူ သင်ယူနိုင်မယ်လို့ ထင်ပါတယ်” လို့ ကိုပေါက်က ပြောပါတယ်။
ကိုပေါက်ကတော့ သူ့ရဲ့ သားတွေ တက်နေတဲ့ ကိုယ်ပိုင်ကျောင်းမှ ကျောင်းများ ပြန်ဖွင့်ပါက ကျောင်းသားဦးရေ လျှော့ပြီးသင်မယ့်အကြောင်း၊ ကျောင်းလခ ပိုကောက်မယ့်အကြောင်း၊ ကျောင်းကားဈေး အရင်ကထက်ပိုတက်မယ့် အကြောင်းများ ဆက်သွယ်လာတာကိုလည်း ပိုကောင်းအောင်လုပ်ရမှာဖြစ်တဲ့အတွက် လက်ခံပေမယ့် ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လို တာဝန်ယူပေးမှာလဲဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။
“ဒါတွေအားလုံးကို ကျနော်တို့လက်ခံတယ်။ New Normal ခေတ်ကို ကျနော်တို့လည်း လိုက်ရမှာပေါ့။ တကမ္ဘာလုံး ဖြစ်နေတာလေ။ ဒါဆို ကျနော်က ကျောင်းတွေဖွင့်ဖို့ ချမှတ်လိုက်တဲ့ နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနကို တခုလောက်မေးချင်ပါတယ်။ ကျောင်းဖွင့်တဲ့အချိန်မှာ ကျောင်းတက်ကြရမယ့် ကျနော့်သားတွေရဲ့ ကျန်းမာရေးကို ဘယ်သူက တာဝန်ယူပေးကြမှာလဲ”လို့ ကိုပေါက်က ဆိုပါတယ်။
ဆက်လက်ပြီး “ကျနော်တို့၊ ခင်ဗျားတို့ရဲ့ ကလေးတွေကို ဘယ်သူတွေက ရောဂါပိုး မကူးစက်အောင် တာဝန်ယူပေးကြမှာလဲ။ ကျနော် ခင်ဗျားတို့ရဲ့ကလေးတွေ တခုခုဖြစ်သွားခဲ့ရင် ဘယ်လို ဖြေဆည်ကြမှာလဲ။ ကလေးတွေက ကျောင်းဖွင့်ရင် ငြိမ်ငြိမ်နေမယ်ထင်လား။ နေမှာ မဟုတ်ပါဘူး။ ပျော်ပြီး လျှောက်ဆော့နေကြမှာ။ လုံးရယ်ထွေးရယ် ဖက်ရယ်နမ်းရယ် လုပ်ကြမှာပါ။ဆရာမတွေက ထိန်းနိုင်မှာလား။ မထင်ပါဘူး”လို့ ကိုပေါက်က ပြောပါတယ်။
ဒီလိုမျိုး ကျောင်းမထားခြင်းနဲ့ အွန်လိုင်းပေါ်မှ ပညာသင်ကြမယ်ဆိုရင်လည်း တတ်နိုင်တဲ့ မိဘနဲ့ မတတ်နိုင်တဲ့ မိဘတွေကြားမှာ ပြောစရာတွေ ရှိလာနိုင်ပြီး ကျောင်းတွေပိတ်ခဲ့ရင်လည်း ဆရာ၊ ဆရာမတွေရဲ့ လစာနဲ့ အခွန်ကိစ္စများပါ ပြဿနာ တက်လာနိုင်တယ်လို့ ပြောထားပါတယ်။
“ဒါဆို ဘယ်လိုလုပ်ကြည့်ရင် အဆင်ပြေမလဲ စဉ်းစားကြည့်ရအောင်။ ကျောင်းတွေကို ပေးမဖွင့်ဘဲထားပြီး ပညာရေးဝန်ကြီးဌာနကနေ အသံလွှင့်မီဒီယာတွေ၊ အွန်လိုင်းမီဒီယာတွေကနေ သင်ခန်းစာတွေကို သင်ပေးတဲ့ အစီအစဉ်တွေ လုပ်ပေးရင်ရော ဘာဖြစ်မလဲ”
“အနီးကပ် သင်ခန်းစာတွေတောင် မြန်မာ့အသံကနေ သင်ကြားပို့ချနေတာတွေ ရှိနေတာပဲ။ အတန်းလိုက် သင်ခန်းစာတွေကို အချိန်နဲ့မီဒီယာ ခွဲသင်ကြမလား။ စာသင်တဲ့ Application တွေ လုပ်မလား။ Zoom Application နဲ့စ ာသင်မယ်။ Link ချပေးပြီး စာသင်တာကို လုပ်မလား။ အခွန်ကိစ္စတွေ ဘယ်လို လျော့ပေးကြမလဲ။ ဆရာ၊ ဆရာမ လစာကိစ္စတွေ ဘယ်လိုဖြေရှင်းလဲ။ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် နည်းလမ်းမျိုးပေါ့” လို့ ကိုပေါက်က ပြောပါတယ်။
ကျောင်း ၁ နှစ် အောက်လိုက်တဲ့အထိ ကာကွယ်ဆေး မတွေ့သေးဘူးဆိုရင်တော့ နောက်တမျိုး စဉ်းစားရမှာဖြစ်ပြီး ဆေးတွေ့မယ့်အချိန်ကိုလည်း အကြာကြီး ထိုင်စောင့်နေမှာမျိုးလည်း မဟုတ်ဘဲ ၁ နှစ်လောက် စောင့်ကြည့်စေချင်တဲ့ သဘောပါလို့ ကိုပေါက်က ဆိုပါတယ်။
“၁ နှစ် အောက်လိုက်တဲ့အထိ ကာကွယ်ဆေးက မတွေ့သေးဘူးဆိုရင်တော့ ကျနော်တို့က နောက်တမျိုးစဉ်းစားရမယ်ပေါ့။ HIV တွေ၊ AIDS ရောဂါတွေရဲ့ကူးစက်မှုက အခု COVID လောက် မမြန်ဘူးလေ။ ဆေးတွေ့မယ့် အချိန်အထိ အကြာကြီး ထိုင်စောင့်နေမှာမျိုးလည်း မဟုတ်ဘူးပေါ့။ ကျနော်ကတော့ ၁ နှစ်လောက် စောင့်ကြည့်စေချင်တဲ့သဘောပါ” လို့ ကိုပေါက်က ပြောထားပါတယ်။
ဒါရိုက်တာ ကိုပေါက်ကတော့ ဒီအကြောင်းအရာတွေကို သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်ကနေ ရေးသားတင်ကာ ပြောပြထားတာ ဖြစ်ပါတယ်။
ယခုနှစ် ကျောင်းတွေ ပြန်ဖွင့်ပါက ကိုပေါက်ရဲ့သားအကြီးက ၆ တန်းတက်ရမှာဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ဇူလိုင်လအတွင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ အားလုံးကို တပြိုင်နက်တည်း မဟုတ်သော်လည်း အဆင့်အလိုက် ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
You may also like these stories:
ထိုင်းခရီးသွားလုပ်ငန်းကို ဇူလိုင်လအတွင်း ပြန်စတင်စေချင်
COVID-19 မြန်မာ အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိသလဲ