Entertainment

မိုးအောင်ရင်ဘက်မှ သက်သေ ၁၂ ယောက် တင်ထား

သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက တရားစွဲဆိုထားတဲ့ အမှုမှာတော့ နောက်ထပ်ရုံးချိန်းများမှာ မိုးအောင်ရင်အား စစ်ဆေးတော့မှာဖြစ်ပြီး မိုးအောင်ရင် အပါအဝင် သက်သေ ၁၂ ယောက် တင်ထားတယ်လို့ သိရပါတယ်။

“ကျမကို တယောက်ပဲ ခေါ်ထားတာဆိုတော့ ဒီနေ့ ပြီးသွားပြီ။ သူတို့ဘက်ကို စစ်ဖို့ပဲ ကျန်တော့တယ်။ သူတို့ဘက်ကတော့ သူပါ အပါအဝင်ဆိုရင် ၁၂ ယောက် တင်ထားတယ်” လို့ တရားလို ခင်မြတ်နိုးက ပြောပါတယ်။

ဒီကနေ့ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ ခင်မြတ်နိုးကို ပြန်ခေါ်သက်သေအဖြစ် အပြီးစစ်ဆေးပြီးဖြစ်တယ်လို့ သိရပါတယ်။

တရားလိုဖြစ်သူ ခင်မြတ်နိုး (ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ)

“ကျမကတော့ အမှန်အတိုင်းအကုန်ပြောထားပြီးသား တရားဥပဒေ အဆုံးအဖြတ်ပဲ ရှိတော့တာပေါ့။ အဆုံးအထိပဲ ဆက်သွားမှာပါ။မှန်မှန်ကန်ကန်ပဲ ဖြစ်သွားမှာပါ” လို့ ခင်မြတ်နိုးက ပြောပါတယ်။

“ဒီနေ့မှာတော့ တရားလိုဖြစ်သူ မခင်မြတ်နိုးကို စစ်ဆေးလို့ ပြီးသွားပါပြီ။ နောက်ရုံးချိန်းဖြစ်တဲ့ ၁၀ ရက်နေ့မှာ မိုးအောင်ရင်ဘက် အပြီးသတ် အကြိုညှိနှိုင်းကို ပြုလုပ်သွားမှာဖြစ်ပါတယ်” လို့ ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ မိုးအောင်ရင်ဘက်ကို စစ်ဆေးရန်အတွက် မှုခင်း စီမံခန့်ခွဲမှု အပြီးသတ် အစည်းအဝေး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တရားလိုဖြစ်သူ ခင်မြတ်နိုးဘက်မှ တရားလိုပြသက်သေ ၅ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင် အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

You may also like these stories:

အနုပညာကြေးမယူဘဲ ဂဠုန်ဦးစောနေရာက သရုပ်ဆောင်မယ့် ကိုဥက္ကာကျော်

မွေးနေ့အလှူ လုပ်ဖြစ်ပုံကို ပြောပြတဲ့ အောင်ရေချမ်း

စားဝတ်နေရေးအတွက် အွန်လိုင်းမှာ ဆန်ရောင်းနေတဲ့ လူရွှင်တော် ကံပွင့်

Loading