သရုပ်ဆောင် စည်သူ (ပလပ်ကျွတ်) က COVID-19 ကြောင့် ရိုက်ကူးရေးတွေ ရပ်နားထားရတဲ့အချိန်မှာ ဖိနပ်များကို ကားနဲ့ လှည့်လည်ပြီး ရောင်းချနေသူပါ။ ဒီလို ဈေးရောင်းနေရတဲ့ အနုပညာသမားတွေဟာ ဈေးရောင်းနေရတာထက် ဝါသနာပါတဲ့ အနုပညာအလုပ်ကိုသာ ပိုလုပ်ချင်ကြတာပါလို့ ဆိုပါတယ်။
“ရုပ်ရှင်တွေ ပြန်ရိုက်ရတော့မယ် ကြားတယ်။ မင်္ဂလာ ဦးဇော်မင်းနှင့် အမေစုတို့နဲ့ တိုင်ပင် ပြောဆိုကြတော့မယ်လို့ ပြောသံကြားတယ်။ ပြန်ရိုက်ရရင်တော့ အရမ်းပျော်တာပေါ့။ ရင်လည်း ခုန်တယ်။ အဲ့ဒါပဲလုပ်ချင်နေတာလေ။ ဘယ်သူက ဈေးရောင်းချင်နေမှာလဲ”
“ကားမောင်းပြီး ဖိနပ်တွေ ရောင်းနေတာ ကားချင်းထိမှာလည်း ကြောက်ရ။ ရဲဖမ်းမှာ ကြောက်ရနဲ့ လုပ်နေရတာလေ။ အနုပညာကတော့ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် ကိုယ်ဝါသနာပါတာကို လုပ်ရတာဆိုတော့ ဒီအလုပ်ကိုပဲ ပြန်လုပ်ချင်တာပေါ့။ မြန်မြန်ရိုက်ရပါစေလို့လည်း ဆုတောင်းတယ်”လို့ စည်သူ (ပလပ်ကျွတ်)က ပြောပါတယ်။
ဆက်လက်ပြီး စည်သူ (ပလပ်ကျွတ်)က ဇာတ်ပို့ သရုပ်ဆောင်ဖြစ်တဲ့အတွက် အရည်အချင်းရှိနေမှ ထုတ်လုပ်သူ၊ ဒါရိုက်တာတွေက ခေါ်သုံးမှာလို့လည်း ပြောပါတယ်။
“ကျနော်တို့က ဇာတ်ပို့ ဆိုတော့လည်း သူတို့တွေ ခေါ်သုံးမှ အဆင်ပြေတာလေ။ အဲ့တော့ ခေါ်သုံးတာ မသုံးပေးတာ သူတို့ အပိုင်း၊ ကျနော်တို့ကတော့ ကြိုးစားနေရမှာပဲ။ ခေါ်နိုင်အောင်လည်း လုပ်ဖို့ ကျနော်တို့မှာ အရည်အချင်း ရှိရမှာ။ အရည်အချင်း မရှိရင်လည်း မခေါ်နိုင်ဘူး”လို့ ဆိုပါတယ်။
စည်သူ (ပလပ်ကျွတ်) က အရင်လို ထူးထူးဆန်းဆန်းတွေ မလုပ်ချင်တော့ဘူးလို့လည်း ဆိုပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး ကျော်ဟိန်း ရဟန်းဝတ်နဲ့ ဟောခဲ့တဲ့ တရားတွေ နာပြီး အမှားကိုပြင်ကာ အမှန်ကို လျှောက်နေပြီလို့ ဆိုပါတယ်။
“အခုနောက်ပိုင်း သားသမီးကို တာဝန်ကျေရမယ်။ ဘယ်အရာမှ မမြဲဘူးဆိုတဲ့ အသိ၊ အားလုံးက ခဏလေးပါဆိုတဲ့ အသိ၊ ကိုယ်ပိုင်တာ ဘာမှမရှိဘူး။ ကိုယ်ပိုင်တာ စိတ်ထား၊ စိတ်ထားကောင်းဖို့ရယ်၊ အလှူဒါနလုပ်တဲ့ ကောင်းမှုရယ်၊ သူများပေါ် ကောင်းတဲ့ စိတ်ထားလေးတွေရယ်၊ အဲ့လို ကုသိုလ်ကောင်းမှုတွေက သူများပေါ်ပါသွားမှာဆိုတော့ အဲ့ဒါတွေကို လက်ကိုင်ထားပြီး စိတ်တွေ ပြင်လိုက်ပါပြီ”
“ဦးကျော်ဟိန်း ဟောခဲ့တဲ့ တရား “အမှားကိုပြင်ပြီး အမှန်ကို လျှောက်ပါပြီ” ဆိုတဲ့ စိတ်သွင်းပြီးနေပါတော့မယ်။ ကျနော့်ကို ဘုန်းကြီးပဲ ဝတ်ပါတော့လားကွာလို့ ပြောရင်လည်း ပြောပါစေ။ ဦးကျော်ဟိန်းရဲ့ တရားတွေ နာပြီးတဲ့ အချိန်မှာ အသိတွေ ဝင်လာတယ်”
“ဖြစ်လာတဲ့ပေါ် မူတည်ပြီးတော့ပဲ အကောင်းဆုံး ပေးဆပ်သွားမယ်။ ကာရိုက်တာ အရတော့ အရူးလား၊ အပေါလား၊ ကာရိုက်တာအရတော့ လုပ်ရမှာပဲ။ အရင်လိုတော့ ထူးထူးဆန်းဆန်းတွေ မလုပ်ချင် တော့ပါဘူး”လို့ စည်သူ(ပလပ်ကျွတ်)က ပြောပါတယ်။
စည်သူ (ပလပ်ကျွတ်) ကတော့ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး စူပါဟီးရိုး ဝတ်စုံတွေ ဝတ်ဆင်လေ့ရှိတာကြောင့် လူသိများသူ တဦးပါ။ စည်သူ (ပလပ်ကျွတ်) ကတော့ “ကိုပေါ” ရုပ်ရှင် ဇာတ်ကားထဲမှာလည်း အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။
You may also like these stories:
ဖိနပ်ရောင်းရတဲ့ ငွေနဲ့ အိမ်လခ ပေးနိုင်ခဲ့တဲ့ စည်သူ (ပလပ်ကျွတ်)