K-pop ရဲ့ အရှိန်နှုန်းကို ရပ်တန့်နိုင်မယ့်အရာက မရှိသလောက်လို့ ဆိုရမလိုပါပဲ။ ကမ္ဘာတဝှမ်းမှာ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် နယ်လှည့် ဖျော်ဖြေပွဲတွေနဲ့ စတိတ်စင် တင်ဆက်မှုတွေကို ဖျက်သိမ်းထားရပေမယ့်လည်း အခုနှစ်ရဲ့ ပထမနှစ်ဝက် ကာလမှာ K-pop အယ်လ်ဘမ် အချပ်ရေ ၁၈ သန်းကျော် စံချိန်တင် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
ကိုရီးယားဂီတ အကြောင်းအရာအသင်းရဲ့ Gaon Music Chart ရဲ့အဆိုအရ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမနှစ်ဝက်ကာလမှာ ထိပ်တန်း အယ်လ်ဘမ်ပေါင်း ၄၀၀ ရဲ့ ကော်ပီချပ်ရေ ၁၈ ဒဿမ ၀၈ သန်း ရောင်းချခဲ့ရပြီး ယခင်နှစ် အလားတူ ကာလကထက် ၄၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ၂၀၁၀ ခုနှစ်မှာ အဲ့ဒီ Chart က အယ်လ်ဘမ် ရောင်းအားကို စတင် စာရင်းပြုစုခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးနှုန်းထားတခုလည်း ဖြစ်တယ်လို့ The Korea Herald မီဒီယာက ဆိုပါတယ်။ BTS ၊ Seventeen နဲ့ Twice အဖွဲ့တို့လို နာမည်ကျော်အဖွဲ့တွေနဲ့ တကိုယ်တော် အနုပညာရှင်တွေရဲ့ ထိပ်တန်း အယ်လ်ဘမ် ၁၀ ချပ်ဟာ စုစုပေါင်းရောင်းအား ကော်ပီချပ်ရေ ၁၀ သန်းကို ကျော်လွန်ခဲ့ပါတယ်။
BTS အဖွဲ့ရဲ့ “Map of the Soul: 7” အယ်လ်ဘမ်ဟာ ကော်ပီချပ်ရေ ၄ ဒဿမ ၂ သန်းကျော် ရောင်းချခဲ့ရပြီး ထပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အမေရိကန်နိုင်ငံမှာ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တဲ့ အဲ့ဒီအယ်လ်ဘမ်ဟာ ယူကေရဲ့ Official Chart နဲ့ ဂျပန်ရဲ့ Oricon Chart တွေမှာ ထိပ်ဆုံးရောက်ခဲ့ပါတယ်။
Seventeen အဖွဲ့ရဲ့ သတ္တမြောက် မီနီအယ်လ်ဘမ်ဖြစ်တဲ့ “Heng:garae” ဟာဆိုရင် ကော်ပီချပ်ရေ ၁ ဒဿမ ၂ သန်းကျော် ရောင်းချခဲ့ရပြီ ဒုတိယနေရာကနေ လိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ အထူးအောင်မြင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ K-pop လောကအတွက် အဓိကဈေးကွက်ကြီးတခုဖြစ်နေဆဲဖြစ်ပြီး K-pop နဲ့ ပတ်သက်တဲ့ တင်ပို့ကုန်ရဲ့ ၆၀ ရာခိုင်နှုန်းကို နေရာယူထားတယ်လို့လည်း သိရပါတယ်။
အဖွဲ့တွေ လွှမ်းမိုးမှုရှိနေတဲ့ အဲ့ဒီစာရင်းမှာ ပါဝင်လာတာကတော့ တကိုယ်တော် လှုပ်ရှားနေတဲ့ EXO အဖွဲ့ဝင် Baekhyun ဖြစ်ပြီး သူ့ရဲ့ “Delight” အယ်လ်ဘမ်ဟာ ကော်ပီချပ်ရေ ၉ သိန်း ၇ သောင်းကျော် ရောင်းချခဲ့ရပါတယ်။ Gaon မှအကြီးတန်း သုတေသနပညာရှင် Kim Jin-woo ရဲ့အဆိုအရ နိုင်ငံရပ် ခြားဒေသတွေမှာ ခိုင်ခိုင်မာမာ ရှိနေတဲ့ K-pop ရဲ့ လှုပ်ရှားမှုတွေနဲ့ ကြီးမားတဲ့ နိုင်ငံတကာ ပရိသတ်အင်အားစုတွေကြောင့် အယ်လ်ဘမ် ရောင်းအားမြင့်ရတာဖြစ်တယ်လို့ သိရပါတယ်။
သူ့ရဲ့အဆိုအရ ကပ်ရောဂါကြောင့် ဖျော်ဖြေပွဲတွေနဲ့ ပရိသတ် တွေ့ဆုံပွဲတွေကို ဖျက်သိမ်းလိုက်ရခြင်းဟာ ပရိသတ်တွေအတွက် သူတို့ ချစ်ခင်နှစ်သက်ရာ အနုပညာရှင်တွေကို အားပေးဖို့ အယ်လ်ဘမ်ဝယ်တာကလွဲလို့ တခြားနည်းလမ်း မရှိတော့တာကြောင့် အယ်လ်ဘမ် ရောင်းအား မြင့်တက်မှုကို ဦးတည်စေခဲ့တာလို့ သိရပါတယ်။
Ref: straitstimes
You may also like these stories:
ကိုရီးယားအနုပညာရှင်တွေရဲ့ Tiktok အကောင့်တွေ ဖျက်ခံရ