ဘဝမှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို စိတ်အားတင်ပြီး နေထိုင်နေတယ်လို့ တချိန်က ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီး အကယ်ဒမီ ထက်ထက်မိုးဦးက မီဒီယာများကို ပြောပါတယ်။
“ကျန်းမာရေးကတော့ မကောင်းဘူး။ လက်လျှော့ချင်ပြီလားဆိုရင် ကိုယ့်ကိုယ်ကိုယ်တော့ လက်တော့လျှော့ချင်တာပေါ့။ ဒါပေမဲ့ လူက သေမှ မသေသေးတာ။ ဘဝက မသေမချင်းတော့ လူတိုင်းက ရုန်းကန်နေရဦးမှာပဲ။ လှုပ်ရှားနေရဦးမှာပဲ။ စိတ်ကို အားတင်းပြီးတော့ နေနေပါတယ်။ ဗိုက်ခွဲထားတာတော့ မသက်သာသေးဘူး။ အခုဒီ ၃ ၊ ၄ ရက်အတွင်းမှာ ပြန်ပြရဦးမှာ”
“ကောင်းကောင်း အနားမယူလို့ဆိုပြီးတော့ ဆရာမက ပြောတယ်။ ခွဲစိတ်ပြီးသွားရင် အနည်းဆုံး ၂လလောက်တော့ နားသင့်တယ်ပေါ့။ ကိုယ်က မနားဘဲနဲ့ ချက်ချင်း အလုပ်ထဲ ဝင်တယ်။ အတွင်းချုပ်ရိုးတွေက မကောင်းသေးဘူး” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။
မင်းသမီးတွေ အများကြီးထဲမှာမှ သူ့ကျမှ ဝေဒနာမျိုးစုံ ခံစားရတာကြောင့် လူ့ဘဝကြီးကို ဆက်မလျှောက်ချင်တော့ဘဲ စိတ်ဓာတ်တွေကျရတယ်လို့ ဆိုပါတယ်။
“တခါတလေကျရင်လေ ကိုယ့်ကျမှလာပြီး ဖြစ်ရလေသလားပေါ့။ မင်းသမီးတွေလည်း အများကြီးပဲ။ ကိုယ့်လို နှလုံးခွဲရတယ်ဆိုတာ မရှိဘူး။ လည်ပင်းကို ခွဲလိုက်ရတယ်ဆိုတာ မရှိဘူး။ ဗိုက်ကို အကြိမ်ကြိမ် ခွဲလိုက်ရတယ်ဆိုတာ မရှိဘူး။ ငါ့ကျမှ ဖြစ်တာပဲလားပေါ့နော်။ တခါတလေကျရင် လူ့ဘဝကြီးမှာ ဆက်ပြီးတော့ မလျှောက်ချင်တော့ဘူး”
“ဒီပိုက်ဆံတခုတည်းပဲ ခက်ခဲတာ မဟုတ်ပါဘူး။ ခက်ခဲတာတွေက အများကြီးပဲ။ ကိုယ်ဘယ်လောက်ကောင်းအောင်နေနေ၊ ကိုယ်ဘယ်လောက်ပဲ ဘာကြီးပဲ ပေးဆပ်ပေးဆပ် ဘယ်သူမှ အသိအမှတ် မပြုဘူး။ အကောင်း မမြင်ဘူး။ ဝမ်းနည်းတာပေါ့။ စိတ်ဓာတ်လည်း ကျတယ်” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။
ဆက်လက်ပြီး “ငယ်တုန်းကတော့ မိဘနဲ့ အတူ မနေရဘူး။ ဟိုလူ့နားပြေးကပ်နေ ဒီလူ့နားပြေးကပ်နေနဲ့ အဖေ့ကိုလည်း စိတ်မကောင်းဘူး။ ငယ်ငယ်တုန်းကတော့ ပစ်ထားပြီးတော့ အခုကျတော့မှ ကိုယ်တယောက်တည်း ခါးစည်းပြီး ခံရတယ်။ စိတ်မကောင်းဘူး။ ဒါပေမဲ့ မိဘနဲ့သားသမီးပဲ။ သားသမီးကတော့ မိဘကျေးဇူးကို ဆပ်ရမှာပဲ။ အကောင်းဆုံးတော့ ဆပ်သွားမယ်။ အဖေဖြစ်ရင် ဘာပဲဖြစ်ဖြစ် လုပ်ပေးသွားမယ်” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။
ထက်ထက်မိုးဦးကိုတော့ သူတချိန်ကရိုက်ကူးခဲ့ပြီး အောင်မြင်ခဲ့တဲ့ Ve Ve အချိုရည်မှ ၂၃ နှစ် ကြာတဲ့အထိ ယနေ့တိုင် ထုတ်လွှင့်နေဆဲဖြစ်တာကြောင့် ထပ်ဆင့် အနုပညာကြေး သိန်း ၁၀၀ ကို ပေးခဲ့ပါတယ်။
“ရှင်းရှင်းပြောရရင် တသက်လုံး ကိုယ့်ဘဝမှာ ပိုက်ဆံကို ဘယ်သူမှ ကိုယ့်ကို အလကားပေးတယ် ကြည့်ခဲ့ပေးတယ်ဆိုတာ မရှိဘူး။ ကိုယ့်ဘာသာကိုယ် ရုန်းကန်ခဲ့ရတာပဲလေ။ အခုလိုမျိုး အရမ်းခက်ခဲနေတဲ့အချိန်မှာ ဒီလိုမျိုး အလုပ်တူတူ တွဲလုပ်ဖူးတဲ့သူတွေက သတိတရနဲ့ ကူညီပေးတယ်ဆိုတော့ ကျေးဇူးအများကြီး တင်ပါတယ်” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။
ဖခင်ဖြစ်သူကျန်းမာရေးကြောင့် အခက်အခဲဖြစ်နေတဲ့အချိန်မှာ အခုလိုပြန်ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပြီး အဆိုပါ ငွေကြေးပေးတာနဲ့ ပတ်သက်ပြီးတော့လည်း အထင်လွဲမှားမှုတချို့ ရှိခဲ့ပါတယ်။
“ဘဝမှာဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေလည်း အများကြီးပေါ့နော်။ ဒါပေမဲ့ အခုလို အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဘယ်လိုမှ ထင်မထားဘူး။ အလုပ်အတူ တွဲလုပ်ခဲ့တဲ့ Ve Ve ကုမ္ပဏီက ထက်ထက်အတွက် အများကြီး အခုလိုမျိုး ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ ပြန်ပြီးတော့မှလည်း မေတ္တာပို့ပေးပါတယ်။ ဆုတောင်းပေးပါတယ်” လို့ ထက်ထက်မိုးဦးက ဆိုပါတယ်။
အကယ်ဒမီ ထက်ထက်မိုးဦးကတော့ လက်ရှိမှာ ကိုယ်တိုင်လည်း ခွဲစိတ်မှုများ ပြုလုပ်ထားမှုကြောင့် ကျန်းမာရေးမကောင်းဘဲ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့်လည်း ကိုယ်တိုင်အနီးကပ်ပြုစုစောင့်ရှောက်လျက် ရှိပါတယ်။
You may also like these stories:
ဖခင်ရဲ့အသက် အချိန်မီ ကယ်နိုင်ဖို့ ကြိုးစားခွင့်ရခဲ့တဲ့ ထက်ထက်မိုးဦး
အနုပညာနဲ့ပတ်သက်ရင် မာနထားတဲ့အကြောင်း ပြောပြတဲ့ ထက်ထက်မိုးဦး
“အသက်ကြီးလာတော့ ကိုယ့်ထက်ငယ်တဲ့ သူတွေကို နေရာဖယ်ပေးရတယ်”လို့ ထက်ထက်မိုးဦး ပြော