COVID-19 ကပ်ရောဂါ ကာလအတွင်း ပရိသတ်တွေကို ဆွဲဆောင်ရာမှာ ကူညီဖို့ လုပ်ဆောင်နေတဲ့ ရုပ်ရှင် လုပ်ငန်းရှင်တွေအတွက် ထိုးနှက်ချက်တခုအဖြစ် Walt Disney ကုမ္ပဏီဟာ သူတို့ရဲ့ “Mulan” ရုပ်ရှင် ဖြန့်ချိ ပြသမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
“Mulan” ရုပ်ရှင်ကို ပြီးခဲ့တဲ့ မတ်လမှာ ရုံတင်ပြဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် ရုပ်ရှင်ရုံ တော်တော်များများက ဆက်လက် ပိတ်ထားရဆဲဖြစ်တာကြောင့် ပြသမယ့်ရက်ကို အကြိမ်တော်တော်များများ ရွှေ့ဆိုင်းခဲ့ရပြီးလည်း ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ အဲ့ဒီရုပ်ရှင်ကို သြဂုတ်လ ၂၁ ရက်နေ့မှာ ရုံတင်ပြသဖို့ စီစဉ်ထားတာကြောင့် ရုပ်ရှင်ရုံ လုပ်ငန်းရှင်တွေအနေနဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် နွေရာသီ နှောင်းပိုင်းကာလမှာ လူကြည့်နှုန်း များလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။
COVID – 19 ကြောင့် ထုတ်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရလို့ Avatar နဲ့ Star Wars ရုပ်ရှင်အသစ်တွေကိုလည်း တနှစ် နောက်ဆုတ်ပြီး ပြသမှာဖြစ်တယ်လို့ Disney က ဆိုပါတယ်။ Avatar နောက်ဆက်တွဲ ရုပ်ရှင်အသစ်ကိုတော့ လာမယ့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနဲ့ Star Wars ရုပ်ရှင်အသစ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလရောက်မှသာ ပြသတော့မှာ ဖြစ်ပါတယ်။
Disney ရဲ့ ကိုယ်စားလှယ်တဦးက “ဒီလိုကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းကာလမှာ ကျနော်တို့ ရုပ်ရှင်တွေကို ဘယ်လို ဖြန့်ချိမယ်ဆိုတာ ကံသေကံမ ပြောလို့ မရဘူးဆိုတာ ရှင်းလင်းလာပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေအတွက် Mulan ရုပ်ရှင်ကို အကျိုးရှိစွာ ဆောင်ယူလာနိုင်ဖို့ ကျနော်တို့ လုပ်ဆောင်နေချိန်မှာပဲ အဲ့ဒီရုပ်ရှင်ပြသမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
လာမယ့် သြဂုတ်လထဲမှာ ပြသဖို့ရှိတဲ့ Christopher Nolan ရဲ့ “Tenet” ရုပ်ရှင်ကို ရွှေ့ဆိုင်းဖို့ Warner Bros က ဆုံးဖြတ်ချက်ချပြီးတဲ့နောက်ပိုင်း “Mulan” ရုပ်ရှင် နောက်ဆုတ်တဲ့သတင်း ထွက်လာတာလည်း ဖြစ်ပါတယ်။ ပထမကတော့ အဲ့ဒီရုပ်ရှင် ၂ ကားလုံးဟာ လူအဝင်များတဲ့ နွေရာသီကာလမှာ ရုပ်ရှင်ရုံတွေအတွက် အကောင်းအဆုံး အခွင့်အလမ်း ဖြစ်လာမယ်လို့ မျှော်လင့်ထားကြတာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာတော့ AMC နဲ့ Cineworld တို့လို ရုပ်ရှင်လုပ်ငန်းတွေက သူတို့ရဲ့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်မယ့်ရက်ကို ဇူလိုင်လကုန်ပိုင်းကနေ သြဂုတ်လလယ်ပိုင်းအထိ ရွှေ့ဆိုင်းထားခဲ့ပါတယ်။
ရုပ်ရှင်သမိုင်းမှာ ဒုတိယဝင်ငွေ အကောင်းဆုံးရုပ်ရှင်ဖြစ်တဲ့ ဒါရိုက်တာ James Cameron ရဲ့ Avatar ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဟာ COVID- 19 မဖြစ်ခင်ကတည်းက အကြိမ်ပေါင်းများစွာ ရွှေ့ဆိုင်းခဲ့ရပြီးလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက်ဆက်တွဲ ရုပ်ရှင်အသစ်ကို ၂၀၁၄ ခုနှစ်မှာကတည်းက ရုံတင်ပြသနိုင်ဖို့ စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။
Star Wars ရုပ်ရှင်အသစ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ Disney က မထုတ်ပြန်သေးပါဘူး။
Ref: asiaone
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ရုပ်ရှင်ကားတွေ ပြသမယ့်ရက် ရွှေ့ဆိုင်း
“Mulan” ရုပ်ရှင်မှာ စတန့်ပြကွက်တွေကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Liu Yifei