အဆိုတော် Kanye West က သူဟာ ရုပ်သံအစီအစဉ်စတား Kim Kardashian ကို ကွာရှင်းဖို့ ကြိုးစားနေတဲ့အကြောင်း ဇူလိုင်လ ၂၂ ရက်နေ့တုန်းက Twitter မှာ တင်ခဲ့ပေမယ့် မိနစ်ပိုင်းအကြာမှာပဲ အဲ့ဒီပို့စ်ကို ဖျက်ပစ်ခဲ့ပါတယ်။
သူက “အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးအတွက် Warldolf မှာ Meek နဲ့ Kim တို့ ဆုံခဲ့ကြချိန်ကတည်းက ကျနော် ကွာရှင်းဖို့ ကြိုးစားနေခဲ့တာပါ” လို့ ရေးသားခဲ့တာဖြစ်ပြီး ဘာကြောင့်ဆိုတာကိုတော့ အသေးစိတ် ရေးခဲ့တာ မရှိပါဘူး။
ရုပ်သံစတား Kim ရဲ့ ကိုယ်စားလှယ်ကတော့ တခုခု တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ တုန်းကတော့ အဆိုတော် West ဟာ Twitter မှာ ပို့စ်တွေ တော်တော်များများကို တင်ခဲ့ပြီး ပြန်ဖျက်ပစ်ခဲ့ပါတယ်။ အဲ့ဒီပို့စ်တွေထဲမှာ သူ့ရဲ့ဇနီး Kim ဟာ ဆေးကုသရေးအခန်းထဲမှာ သူ့ကို သော့ခတ်ထားဖို့ ကြိုးစားခဲ့ပြီး သူဟာ Nelson Mandela နဲ့ အသွင်တူနေတဲ့အကြောင်း နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။
အဆိုတော် West ဟာ တောင်ကာရိုလိုင်းနားပြည်နယ်၊ Charleston မြို့က လူထုစုရုံးပွဲမှာ သူ့ရဲ့ အမေရိကန် သမ္မတဖြစ်ရေး ကမ်ပိန်းကို စတင်ခဲ့ပြီး တရက်အကြာမှာပဲ အခုလိုဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့တာပါ။ အဲ့ဒီပွဲမှာသူဟာ ကိုယ်ဝန် မဖျက်ချရေးအတွက် ဇနီး Kim နဲ့ရရှိခဲ့တဲ့ ဆုံးဖြတ်ချက်အကြောင်း ညွှန်းဆိုပြောကြားခဲ့ပါတယ်။
အဲ့ဒီအချိန်တုန်းကလည်း Kim ရဲ့ ကိုယ်စားလှယ်က မှတ်ချက်ပေးပြောဆိုဖို့ တောင်းဆိုမှုကို တုံ့ပြန်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူ၊ အသက် ၄၃ နှစ်အရွယ် အဆိုတော် Kanye West က သူ့ရဲ့ သမ္မတဖြစ်ရေး ကမ်ပိန်းဟာ အမှန်တကယ် အားသွန်ခွန်စိုက် လုပ်ဆောင်တာလား၊ သူ့ရဲ့အယ်လ်ဘမ်နဲ့ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချရရေး အတွက် လူပြိန်းကြိုက် စတန့်ပြတာလားဆိုတဲ့ မေးခွန်းကိုတော့ ဖြေကြားခဲ့တာမျိုး မရှိခဲ့ပါဘူး။
အဆိုတော် West ဟာ Kim နဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး လောလောဆယ်အထိ အငှားကိုယ်ဝန်နဲ့ ရရှိခဲ့တဲ့ ကလေးတဦးအပါအဝင် သားသမီး ၄ ဦး ထွန်းကားခဲ့ပြီး ဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံးရဲ့ နာမည်ကျော်ကြားမှု အခြေအနေနဲ့ လုပ်ငန်းတွေကြောင့် လူအများကြားမှာ စိတ်ဝင်စားခြင်းခံခဲ့ရပြီး အဲ့ဒီအခြေအနေဟာ နာမည်ကျော် မိသားစုတစုရဲ့ မိုးသက်မုန်တိုင်းသာဖြစ်တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာကို ပြောဆိုခဲ့ဖူးပါတယ်။
Ref: thejakartapost
You may also like these stories:
အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်မယ်လို့ Kanye West ပြော
Kim Kardashian မွေးနေ့အတွက် ပရဟိတအဖွဲ့တွေကို ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တဲ့ Kanye West
“Mulan” ရုပ်ရှင် ပြသမယ့်ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်း