တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှုနှုန်းဟာ မတ်လအစောပိုင်းတုန်းကထက် ပိုများနေတာကြောင့် မြို့တော်ဆိုးလ်မှာ နေထိုင်သူတွေက ရောဂါဖြစ်ပွားမှု ရုတ်တရက် မြင့်မားလာမယ့် အခြေအနေကို စိုးရိမ်နေပါတယ်။
တောင်ကိုရီးယားမှာ တရက်တည်း ကူးစက်ခံရသူ ၂၇၉ ယောက် ရှိခဲ့တာကြောင့် မတ်လကထက် နေ့စဉ်ကူးစက်သူ အရေအတွက်ပိုများသွားတယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့မှာ ကူးစက်ခံရသူ ၂၇၉ ယောက် ရှိခဲ့ပြီး လက်ရှိအချိန်ထိ လူနာ ၁၅,၃၁၈ ယောက်နဲ့ သေဆုံးသူ ၃၀၅ ဦးရှိသွားပြီလို့ ကိုရီးယားရောဂါထိန်းချုပ် ကာကွယ်ရေးစင်တာ (KCDC) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KCDC က ထုတ်ပြန်ထားတဲ့ ကူးစက်မှုအသစ် ၂၇၉ ခုထဲမှာ ၂၅၃ ခုက မြို့တော်ဆိုးလ်နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ၂၆ သန်းသော ပြည်သူတွေ နေထိုင်တဲ့ ဆိုးလ်မြို့တော်ကြီးမှာ COVID-19 ကူးစက်မှုတွေ ပျံ့နှံ့ မလာအောင် ကျန်းမာရေးတာဝန်ရှိသူတွေက အပူတပြင်း ထိန်းချုပ်နေခဲ့ကြတာပါ။
ကူးစက်မှုအသစ်တွေဟာ ဘူဆန်နဲ့ ဖေဖော်ဝါရီ၊ မတ်လလောက်က ကူးစက်မှုတွေ စတင်ခဲ့တဲ့ ဒေဂူးမြို့တွေမှာလည်း ရှိလာတယ်လို့ ဖော်ပြထားပါတယ်။ ဗိုင်းရပ်စ် ကာကွယ်ရေး အစည်းအဝေးမှာ သမ္မတ မွန်းဂျေအင်က ဆိုးလ်မြို့တော်မှာ ကူးစက်မှုတွေ လျော့ကျသွားအောင် အားစိုက်ထုတ် ကြိုးစားကြဖို့ ပြောသွားခဲ့ပါတယ်။
တာဝန်ရှိသူတွေကိုလည်း မြို့တော်နဲ့ အနီးအနားက ဆေးရုံတွေမှာပါ ဖြန့်ကြက် ကုသပေးနိုင်မယ့် အစီအစဉ်တွေ ထားရှိဖို့ ပြောဆိုခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီး ပတ်နမ်ဟိုက ကူးစက်မှုအသစ်တွေ ဆက်တိုက် ဖြစ်နေတဲ့ ဆိုးလ်နဲ့ ဂယောင်ဂီဒို ဒေသခံတွေကို နောက် ၂ ပတ်အတွင်း တခြားဒေသတွေဆီ ခရီးမထွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆိုးလ်မြို့က သမ္မတအိမ်တော် အနီးမှာ သမ္မတ မွန်းကို မကျေနပ်လို့ ဆန္ဒပြနေကြတဲ့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးကြောင့်လည်း ကူးစက်မှုအသစ်တွေ ပိုများလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။ ဆန္ဒပြသူတွေထဲမှာ ရှေးရိုးစွဲ တက်ကြွလှုပ်ရှားသူတွေ၊ ကိုဗစ် ကူးစက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ ဘုရားရှိခိုးကျောင်းက အဖွဲ့ဝင် ၆၀ ကျော်လောက် ပါဝင်ခဲ့ကြပါတယ်။
အစိုးရကတော့ သြဂုတ် ၁၅ ရက်က ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဘုရားရှိခိုးကျောင်း အဖွဲ့ဝင်တွေကို အရေးယူဖို့ ဖိအားပေးနေပါတယ်။ ဆိုးလ်မြောက်ပိုင်းက အဆိုပါ ဘုရားရှိခိုးကျောင်းကို သြဂုတ်လ ၁၆ ရက်နေ့မှာ ကိုဗစ် ကူးစက်မှုအသစ် ၂၄၉ မှုနဲ့ ဆက်နွယ်နေတာကြောင့် ပိတ်သိမ်းလိုက်ပါတယ်။
ကျန်းမာရေးဌာနက တာဝန်ရှိသူရဲ့ပြောပြချက်အရ အဆိုပါ ဘုရားရှိခိုးကျောင်းနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ဝင် ၈၀၀ ကျော်ကို ရောဂါစစ်ဆေးထားပြီး နောက်ထပ်လည်း လူဦးရေ ၃,၀၀၀ ကျော်လောက် စမ်းသပ်စစ်ဆေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
Ref: CTV News
You may also like these stories:
ကိုဗစ်ကြောင့် နယူးဇီလန် ရွေးကောက်ပွဲ နောက်ဆုတ်
အိန္ဒိယက ဘုရားကျောင်းတကျောင်းမှာ ကိုဗစ် ကူးစက်သူ ၇၀၀ ကျော်ရှိလာ