တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ကမ္ဘာကျော် ဟယ်ရီပေါ်တာ ရုပ်ရှင်စီးရီးရဲ့ ပထမဆုံး ဇာတ်လမ်းကို စတင်ပြသခဲ့ပြီးနောက် အခုတဖန် အဲ့ဒီ ပထမဆုံးရုပ်ရှင်ကိုပဲ နောက်ထပ် အသွင်တမျိုးနဲ့ ပြန်လည် ပြသနေပြီ ဖြစ်ပါတယ်။
၈ ကားတွဲအနေနဲ့ ထွက်လာခဲ့တဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းထဲက ပထမဆုံး ရုပ်ရှင် “Harry Potter and the Sorcerer’s Stone” ကို Warner Bros. ရဲ့ 4K 3D ဒစ်ဂျစ်တယ်ပုံစံနဲ့ ပြန်လည် ပြသခဲ့ရာမှာ တရုတ်နိုင်ငံ တဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေကနေ ဒေါ်လာ ၁၉ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီဝင်ငွေတွေထဲမှာ တရုတ်နိုင်ငံတွင်းက IMAX ရုပ်ရှင်ရုံတွေကနေ ရတဲ့ ဒေါ်လာ ၃ သန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းကတော့ လက်မှတ်တွေ ပိုမိုရောင်းချနိုင်ဖို့ ခွင့်ပြုတဲ့အနေနဲ့ ပိုမိုချောင်ချိတဲ့ ထိုင်ခုံ ကန့်သတ်ချက်တွေနဲ့အတူ ရုပ်ရှင်ရုံ ဝန်ဆောင်မှုတွေ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံပြီးရင် ရုပ်ရှင်ဈေးကွက် ဒုတိယမြောက်အကြီးဆုံးလည်း ဖြစ်ပါတယ်။
Warner Bros. အမှုဆောင်အရာရှိ Andrew Cripps က “Harry Potter and the Sorcerer’s Stone ကို မျိုးဆက်သစ် ပရိသတ်တွေ အထူးအားပေးကြတာကို မြင်ရတာ အထူးဝမ်းမြောက်မိပါတယ်။ အဲ့ဒီရုပ်ရှင်ကို ပထမဆုံးအနေနဲ့ ကြည့်မယ့်သူတွေရှိတဲ့ တရုတ်နိုင်ငံမှာ ရုပ်ရှင်ရဲ့ နာမည်ကျော်ကြားမှုကြောင့် အဲ့ဒီဇာတ်လမ်းတွေဟာ အချိန်အကန့်အသတ် မရှိဘဲ အားလုံးအတွက် ဖြစ်တယ်ဆိုတာကို ပြသနေသလိုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
နာမည်ကျော် စာရေးဆရာမ J.K. Rowling ရဲ့ အောင်မြင်တဲ့ စာအုပ်တွေကို အခြေခံထားတဲ့ “Harry Potter and the Sorcerer’s Stone” ရုပ်ရှင်မှာတော့ ဟယ်ရီပေါ်တာအဖြစ် မင်းသား Daniel Radcliffe ၊ Hermione Granger အဖြစ် မင်းသမီး Emma Watson ၊ Ron Weasley အဖြစ် မင်းသား Rupert Grint တို့က ပါဝင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ကမ္ဘာတဝန်းကို စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာတော့ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလမှသာ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ဂန္တဝင်ရုပ်ရှင်အပြင် တရုတ်ပရိသတ်တွေဟာ ဒါရိုက်တာ Guan Hu ရိုက်ကူးတဲ့ စစ်ပွဲနောက်ခံ ရုပ်ရှင် “The Eight Hundred” ကိုလည်း အားပေးခဲ့ကြတာ တွေ့ရပါတယ်။
အဲ့ဒီရုပ်ရှင်ကို တရုတ်နိုင်ငံတဝန်းမှာ သြဂုတ်လ ၁၄ ရက်နေ့တုန်းက အထူးပွဲအနေနဲ့ ပြသခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့ကျမှ တရားဝင်ပြသခဲ့တာ ဖြစ်ပါတယ်။ ၄ ရက်အတွင်း ဝင်ငွေ ဒေါ်လာ ၁၉၀ ဒဿမ ၄၇ သန်း ရရှိခဲ့တယ်လို့ Forbes မဂ္ဂဇင်းက သတင်းထုတ်ပြန်ထားပါတယ်။
Ref: asiaone
You may also like these stories:
တောင်ကိုရီးယားမှာ ရုပ်သံစီးရီးနဲ့ အစီအစဉ် ရိုက်ကူးမှုများ ရပ်နားလိုက်ပြီ
အမေရိကန်နိုင်ငံမှာ “Unhinged” ရုပ်ရှင်ဖြင့် ရုပ်ရှင်ရုံများကို ပြန်ဖွင့်လှစ်
အစ္စရေးမှာ ပထမဆုံး ရေပေါ်ရုပ်ရှင်ရုံ ဖွင့်လှစ်