ဒီတပတ် ချဉ်ချဉ်စပ်စပ် အရသာနဲ့ လူတိုင်း အကြိုက်တွေ့စေမယ့် ခေါက်ဆွဲပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။ အရသာရှိတဲ့ တုံယမ်းအရသာ ချဉ်စပ်ခေါက်ဆွဲပြုတ် စားချင်တဲ့အချိန်မျိုးမှာ ရယ်ဒီမိတ်အထုပ် မရှိလည်း စိတ်ညစ်စရာ မလိုတော့ပါဘူး။ မိနစ် ၂၀ လောက် အချိန်ပေးလိုက်ရုံနဲ့ အိမ်မှာပဲ အရသာ ထိမိတဲ့ ချဉ်စပ်ခေါက်ဆွဲပြုတ် တပွဲ ရနိုင်ပါတယ်။
ယိုးဒယားစတိုင် တုံယမ်းချဉ်စပ် ခေါက်ဆွဲချက်ဖို့ အောက်ပါအတိုင်း လိုအပ်ပါတယ်။
ကြက်ရင်ဖုံသား
ပုစွန်
စပါးလင်
တုံယမ်းအနှစ်ထုပ်
ခေါက်ဆွဲခြောက်
ကြက်သွန်နီ
ကြက်သွန်ဖြူ
နံနံပင်
ငရုတ်သီးစိမ်း
သံပရာသီးတို့ လိုအပ်ပါတယ်။
အရင်ဆုံး အိုးထဲမှာ ပါးပါးလှီးထားတဲ့ စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ဆီသတ်ပါမယ်။ ပြီးရင် တုံယမ်းအနှစ် စားပွဲတင်ဇွန်းနဲ့ ၁ ဇွန်း ထည့်မွှေပါမယ်။ သမသွားပြီဆိုရင်တော့ ရေ ၃၆၀ မီလီလီတာ ထည့်ပြီး ၂ မိနစ်လောက် ဆူအောင် တည်ထားပါ။
ရေပွက်ပွက် ဆူလာပြီဆိုရင် အရသာအတွက် ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့် ထည့်ပါမယ်။ ပြီးရင် ခေါက်ဆွဲခြောက် လိုအပ်သလောက် ပမာဏ ထည့်ပြုတ်ပါ။
ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အိုးထဲကို ကြက်ရင်ဖုံသား အနေတော် အတုံးလေးတွေ တုံးထားတာ ထည့်ပါ။ ပုစွန် အကောင်းကြီးရင် နှစ်ပိုင်း ပိုင်းထည့်ပါ။ တခြား ပင်လယ်စာ ကြိုက်ရင်လည်း ထပ်ထည့်လို့ ရပါတယ်။
၃ မိနစ် လောက် ဟင်းရည်အိုးကို ပွက်ပွက်ဆူအောင် တည်ပြီးရင် မီးလျှော့ပြီး ငရုတ်သီးစိမ်း ပါးပါးလှီးထားတာနဲ့ နံနံပင်ကို အပေါ်က အုပ်လိုက်ရုံပါပဲ။ စားခါနီးမှ သံပရာသီး ညစ်ထည့်ရင် အရသာလည်းရှိ၊ ချဉ်ချဉ်စပ်စပ် အရသာ ယိုးဒယား တုံယမ်းခေါက်ဆွဲပြုတ် တပွဲ ရပါပြီ။
Ref: Roti n rice
You may also like these stories:
အစာကြေလွယ်ပြီး အာဟာရပြည့်တဲ့ ကိုရီးယားစတိုင် ပုစွန်ဆန်ပြုတ်
ကြွပ်ကြွပ်ရွရွနဲ့ ချိုချဉ်အရသာ ဝက်သားချိုချဉ်ကြော်