Blackpink အဖွဲ့ရဲ့ ရသစုံအစီအစဉ် “24/365 With Blackpink” ရဲ့ နောက်ဆုံးအပိုင်းကို မူလက နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် အခုတော့ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
အဲ့ဒီအပိုင်းအတွက် အမြည်းဗီဒီယိုကို နိုဝင်ဘာလ ၄ ရက်နေ့မှာ လွှင့်တင်ခဲ့ပြီးတဲ့နောက် ဗီဒီယိုထဲမှာ ပါဝင်တဲ့ ပန်ဒါဝက်ဝံပေါက်လေးတွေကို အဖွဲ့ဝင်တွေရဲ့ ကိုယ်တွယ်ပုံနဲ့ ပတ်သက်လို့ တရုတ်ဆိုရှယ်မီဒီယာအသုံးပြုသူတွေထံကနေ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အဲ့ဒီဗီဒီယို အပိုင်းထဲမှာဆိုရင် အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jennie, Jisoo, Rose နဲ့ Lisa တို့ဟာ တရက်ကြာ တိရိစ္ဆာန်ရုံမှူးအဖြစ် တာဝန်ထမ်းခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ Everland အပန်းဖြေစခန်းမှာရှိတဲ့ အိုင်ပေါင်နဲ့ လီပေါင်ဆိုတဲ့ ပန်ဒါဝက်ဝံတွေနဲ့ ထိတွေ့ခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ဝင် Jennie ကတော့ တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံးမွေးဖွားခဲ့တဲ့ ၃ လသားအရွယ် ပန်ဒါဝက်ဝံပေါက်လေး ဖူပေါင်ကို ကိုင်ထားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။
အင်တာနက် အသုံးပြုသူတွေကတော့ ဂရုတစိုက် စောင့်ရှောက်ဖို့ လိုအပ်တဲ့ အဲ့ဒီ ပန်ဒါဝက်ဝံပေါက်လေးတွေကို Blackpink အဖွဲ့အား ကိုင်တွယ်ခွင့် မပေးသင့်ဘဲ အဲ့ဒါဟာ တိရိစ္ဆာန်လေးတွေဆီကို ရောဂါကူးစက်စေနိုင်မယ့် အန္တရာယ် ရှိလာနိုင်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။
တရုတ်တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အသင်းကတော့ အဲ့ဒီ အပန်းဖြေပန်းခြံထံ စာတစောင်ရေးသား ပေးပို့ခဲ့ပြီး ပန်ဒါဝက်ဝံပေါက်လေးတွေကို ကျွမ်းကျင်သူ မဟုတ်တဲ့သူတွေ ထိတွေ့စေခွင့် ရပ်ဆိုင်းဖို့၊ အဲ့ဒီလိုမျိုး မြင်ကွင်းကို ဖော်ပြခြင်း မပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။
Blackpink အဖွဲ့ရဲ့ အေဂျင်စီ YG အင်တာတိန်းမန့်ကတော့ ပန်ဒါကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေကို လေးစားတဲ့အနေန့ အဲ့ဒီဗီဒီယိုရွှေ့ဆိုင်ပေးဖို့ တင်ပြချက်တွေကို တုံ့ပြန်ခဲ့ပါတယ်။
အေဂျင်စီဘက်ကတော့ အဖွဲ့ဝင်တွေဟာ ကျွမ်းကျင်တဲ့ တိရိစ္ဆာန်ဆရာဝန်တွေနဲ့ ထိန်းသိမ်းသူတွေရဲ့ ရှေ့မှောက်မှာ အခုလို ထိတွေ့မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေအနေနဲ့လည်း တင်းကျပ်တဲ့ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးနဲ့ သန့်ရှင်းမှုဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုက်နာခဲ့ကြတယ်လို့ ပြန်လည် ဖြေရှင်းခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့ Jennie, Rose, Jisoo နဲ့ Lisa တို့ဟာ လက်အိတ်၊ Mask နဲ့ အကာအကွယ် ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ပြီး ဖိနပ်နဲ့ လက်တွေကို တကြိမ်စီ ကိုင်တွယ်ပြီးတိုင်း ပိုးသတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
Ref: CNA
You may also like these stories:
YouTube မှာ Subscriber ဒုတိယအများဆုံး အနုပညာရှင် ဖြစ်လာတဲ့ BLACKPINK အဖွဲ့
Blackpink အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင်ကို Netflix မှာ ပြသမည်