မြန်မာနိုင်ငံရဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ မဲစာရင်းများကို ရေတွက်နေဆဲ ဖြစ်ပါတယ်။
၂၀၂၀ မှာတော့ မဲဆန္ဒရှင်များ ပိုမိုများပြားလာခဲ့ကြပြီး ပြည်သူတွေ ဖြစ်ကြတဲ့ အနုပညာရှင်တွေကလည်း တက်ကြွစွာ မဲပေးသလို သူတို့ရဲ့ နိုင်ငံအပေါ်ဖြစ်စေချင်တဲ့ဆန္ဒများကို ထုတ်ဖော်ပြောလာကြပါတယ်။ ဒီထဲမှာမှ သရုပ်ဆောင် မိုးယံဇွန်ကတော့ ၂၀၂၀ မှာ သူလိုချင်တဲ့ အစိုးရသစ်ကို အခုလို ပြောပြခဲ့ပါတယ်။
“နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်တာတော့ လုပ်ပြီးသွားပြီ။ ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီပဲ အစိုးရပြန်ဖွဲ့ဖွဲ့၊ အစိုးရအသစ် တရပ်ကပဲ အစိုးရပြန်ဖွဲ့ဖွဲ့၊ သေချာတာတော့ ပြီးခဲ့တဲ့ ၁၀ နှစ်ကထက် ပိုကောင်းတဲ့ အစိုးရ၊ အာဆီယံမှာ အဆင်းရဲဆုံး ဂုဏ်ပုဒ်ကို ဖယ်ရှားနိုင်မယ့် အစိုးရ၊ အခြေခံလူတန်းစားတွေ များတဲ့ နိုင်ငံဖြစ်လို့ အခြေခံလူတန်းစားတွေရဲ့နေထိုင်မှုနဲ့ အလုပ်အကိုင်ကို အာမခံချက် ပေးနိုင်မယ့် အစိုးရကို ပြည်သူတယောက်အနေနဲ့ လိုချင်ပါတယ်” လို့ မိုးယံဇွန်က ပြောပါတယ်။
အမြင်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တိုင်းပြည်အနာဂတ် ကောင်းဖို့အတွက် လက်တွေ့မှာ အကောင်အထည် ဖော်ဆောင်ပြီး တိုးတက်အောင် လုပ်နိုင်တဲ့ အစိုးရကို ပြည်သူတိုင်းက လိုချင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
“အမြင်တူသည် ဖြစ်စေ မတူသည်ဖြစ်စေ၊ သေချာတာကတော့ တိုင်းပြည်အနာဂတ်ကောင်းဖို့ ပြောသမျှကို လက်တွေ့မှာ အကောင်အထည်ဖော်ဆောင်ပြီး တိုးတက်အောင် လုပ်နိုင်တဲ့ ဂုဏ်နဲ့ညီတဲ့ အစိုးရကို ပြည်သူတိုင်းက လိုချင်မှာပဲ” လို့ မိုးယံဇွန်က ပြောပါတယ်။
ဒီအကြောင်းအရာ အချက်အလက်တွေကိုတော့ ပြည်သူများရဲ့ကိုယ်စား အနုပညာသမားတယောက်အနေနဲ့ ဆန္ဒပြုတာဖြစ်တယ်လို့ ဆိုပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲမှာ လူမှန် နေရာမှန်နဲ့ နိုင်ငံ တိုးတက်ကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်ပေးနိုင်မယ့် အစိုးရကို ပြည်သူတွေကိုယ်စား အနုပညာသမားတယောက်နေနဲ့ ဖြစ်ပေါ်လာဖို့ ဆန္ဒပြုပါတယ်” လို့ မိုးယံဇွန်က ပြောပါတယ်။
ဒီအကြောင်းအရာတွေကို မိုးယံဇွန်က နိုဝင်ဘာလ ၈ ရက်နေ့၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနေ့မှာ သူဆန္ဒမဲ ပေးခဲ့တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာကနေ ရေးသား ပြောပြခဲ့တာ ဖြစ်ပါတယ်။
မိုးယံဇွန်ရဲ့ ဖခင်ဖြစ်သူကတော့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒဂုံ၊ ကျောက်တံတား၊ စမ်းချောင်း၊ လသာ၊ ပန်းဘဲတန်း၊ မရမ်းကုန်းနဲ့ ဗဟန်းမြို့နယ် မဲဆန္ဒနယ်များမှ အမျိုးသားလွှတ်တော်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
You may also like these stories:
ပန်ဒါပေါက်လေးတွေ ပါဝင်တဲ့ Blackpink အဖွဲ့ရဲ့ ရသစုံအစီအစဉ် ရွှေ့ဆိုင်း
“နင်လမ်းတွေ့ခဲ့ရင်” သီချင်းနဲ့ ပရိသတ် အားပေးမှု ပိုရရှိခဲ့တဲ့ ယွန်းမြတ်သူ
“ဒေါ်အောင်ဆန်းစုကြည်ထံမှာ လေ့လာစရာတွေ မကုန်ဘူး”လို့ မောင်မောင်အေး ဆို