Entertainment

ကိုဗစ်ကာလပြီးရင် Single Album ထွက်ဖို့ ပြင်ဆင်နေတဲ့ ချယ်ရီသင်း

Want create site? Find Free WordPress Themes and plugins.

ပရိသတ် အကြိုက်တွေ့တဲ့ သီချင်းများကို ဖန်တီး သီဆိုနေတဲ့ အဆိုတော် ချယ်ရီသင်းက ကိုဗစ်ကာလမှာ သူ့ရဲ့ တကိုယ်တော်ခွေ Single Album ထွက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“အခုချိန်မှာတော့ ချယ်ရဲ့ Single Album ထွက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ သီချင်းကတော့ ၇ ပုဒ် ပြီးသွားပြီ။ ထွက်ဖို့ကတော့ ကိုဗစ်ရောဂါကင်းမှပဲ ထွက်မယ်။ ဒီတိုင်းထွက်လိုက်လည်း ရပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ပထမဆုံး Album ဖြစ်တယ်။ အမှတ်တရလည်း ဖြစ်ချင်တော့ Promotion ပွဲလေးနဲ့ လုပ်ချင်လို့ ရောဂါတွေပြီးမှ ထွက်မယ်။ အခု လုပ်ထားတဲ့ ၇ ပုဒ်ကတော့ အသစ်တွေပဲ ထည့်ထားတယ်”လို့ ချယ်ရီသင်းက ပြောပါတယ်။

အသစ်ထွက်မယ့် Album မှာတော့ သီချင်းပုံစံ မျိုးစုံ သီဆိုထားပြီး အခွေပြီးတဲ့အခါမှာလည်း Music Video ရိုက်ပြီး တင်ပေးမယ်လို့ ဆိုပါတယ်။

“သီချင်းပုံစံ မျိုးစုံ ထည့်ထားတယ်။ အခွေ ထွက်လာရင် ပရိသတ်တွေ သိပါလိမ့်မယ်။ အခွေ မထွက်ခင်လည်း သီချင်းတွေ ထွက်မယ်။ အခွေထဲမှာလည်း ကိုယ်အားရအောင် ထည့်မယ်။ ထွက်ပြီးတော့မှပဲ Music video ပြန်ရိုက်ပြီး တင်ပေးမယ်။ ချယ်တို့ ၄ လပိုင်းလောက်ထိတော့ စောင့်ကြည့်မယ်။ ၃ လပိုင်းလောက်ထိ ရောဂါက ရှိနေသေးရင် တမျိုး စဉ်းစားရမှာပေါ့”လို့ ချယ်ရီသင်းက ပြောပါတယ်။

အဆိုတော် ချယ်ရီသင်း (ဓာတ်ပုံ – Cherry Thin’s Facebook)

တကိုယ်တော်ခွေ ထွက်ရှိခြင်းဟာ အဆိုတော်တိုင်းရဲ့ အိပ်မက်ဖြစ်တာကြောင့် အခွေ ရောင်းရခြင်း၊ မရောင်းရခြင်းအပေါ် မျှော်လင့်ချက် မထားဘဲ ဘဝရဲ့ မှတ်တိုင်တခုအနေနဲ့ ထုတ်တာလို့ ဆိုပါတယ်။

“ချယ်က အခွေ ရောင်းရခြင်းတွေ၊ မရောင်းရခြင်းတွေ မျှော်လင့်ချက် မရှိဘူး။ အဓိကက ဘဝမှာ ကိုယ်က အဆိုတော်တယောက် ဖြစ်တယ်။ အခွေ ထွက်ဖူးတယ်။ အဲ့လောက်ပဲ။ ကျန်တာတော့ ဘာမှ မမျှော်လင့်ထားဘူး။ မျှော်လင့်ထားရင် ကိုယ်ပဲ ခံစားရမှာ။ အဲ့ဒါကြောင့် ဘာမှ မမျှော်လင့်ထားဘူး။ အခွေ ထွက်တာကတော့ အဆိုတော်တိုင်းရဲ့ အိပ်မက်ပေါ့။ ချယ်တို့ လောကမှာ အခွေ မထွက်ထားတော့ အရမ်းနှိမ်တာတွေ ရှိတယ်”

“Single song ထွက်လိုက်တယ်။ တပုဒ်ထွက် တပုဒ် ပေါက်တယ်။ အဲ့လိုတွေ Single song ထွက်နေတာ တချို့တွေအတွက် အဆင်မပြေဘူး။ အဲ့အတွက် အဆင်ပြေအောင် ထွက်ပေးတာ။ ဘယ်ကဏ္ဍမှာ မဆို မနာလိုတဲ့သူတွေက ရှိနေတော့ ကိုယ့်ကို အားပေးတဲ့သူလည်း မျက်နှာမငယ်အောင် ကိုယ့်ဘဝရဲ့ မှတ်တိုင်လည်း ဖြစ်အောင် ထွက်လိုက်တာ”လို့ ချယ်ရီသင်းက ပြောပါတယ်။

မိသားစုက အခွေ ထုတ်ပေးမယ် ပြောခဲ့ပေမယ့် မထုတ်ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ချယ်ရီသင်းကအခုလိုပဲ ဆိုပါတယ်။

“အခွေကတော့ ထွက်ချင်တာပေါ့။ အိပ်မက်ဆုံရာ ဝင်ပြိုင်တုန်းက ပြုတ်သွားတယ်။ အိမ်က အဲ့ကတည်းက အခွေလုပ်ပေးမယ် ပြောတယ်။ အခွေ ထွက်ရင်လည်း သိန်း ၁၀၀ လောက် ကုန်တော့ အဲ့လိုလည်း ချယ်က မလုပ်ချင်ဘူး။ ချယ်က ကံ၊ ကံ၏ အကျိုးကို ယုံတယ်။ အခွေထွက်တိုင်း ပေါက်မယ်ဆို အကုန် အခွေ ထွက်နေကြမှာ။ အခွေ ထွက်လို့ ပေါက်သွားရင် ကောင်းတယ်”

“မပေါက်ရင် အိမ်ကလူတွေကိုလည်း အားနာရတယ်။ အဲ့တော့ ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားကြည့်မယ်ဆိုပြီး ခွင့်လွတ်ပေးဖို့ တောင်းပန်ချင် ထွက်လိုက်တာ ပရိသတ် အားပေးမှု ရတယ်။ အဲ့ဒါ ချယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာလည်း ပါတယ်။ အဲ့ဒါကြောင့် အခွေ မလုပ်ဖြစ်ခဲ့တာ”လို့ ချယ်ရီသင်းက ပြောပါတယ်။

အဆိုတော် ချယ်ရီသင်းကိုတော့ “ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေက စတင် သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာလည်း ချယ်ရီသင်းရဲ့ “မလို့ပဲခေါ်” ဆိုတဲ့ သီချင်းက ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။

You may also like these stories:

“ငယ်ငယ်ကတည်းက အရိုးပျော့တဲ့သူပါ”လို့ ပြောတဲ့ ချယ်ရီသင်း

ကိုဗစ်ကာလမှာ တကိုယ်တော်ခွေအတွက် သီချင်းသစ် ရေးနေတဲ့ ချယ်ရီသင်း

Did you find apk for android? You can find new Free Android Games and apps.
Loading