စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် စားသောက်ဝိုင်းတဝိုင်းတွင် လူ ၈ ဦး ဝိုင်းဖွဲ့စားသောက်ခွင့် ပေးလိုက်ပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် တစိတ်တပိုင်း အသွားအလာ ပိတ်ဆို့ထားမှု ၈ လအကြာမှာ တတိယအဆင့် လျှော့ချလိုက်ပြီးနောက် ဒီဇင်ဘာ ၂၈ ရက်ကစလို့ ၅ ဦး ကန့်သတ်ထားရာကနေ ၈ ဦးထိ ခွင့်ပြုလိုက်တာပါ။
စင်ကာပူအစိုးရဟာ တစိတ်တပိုင်း အသွားအလာ ပိတ်ဆို့ထားမှုကို မေလအစောပိုင်းက အဆင့် ၃ ဆင့်နဲ့ ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။ တတိယအဆင့် ဖြေလျှော့ပေးလိုက်တာကြောင့် ယခင်ထက် တဝိုင်းတည်းမှာ အတူတူ စုပြီးစားနိုင်လို့ ပျော်ရွှင်မိကြောင်း အသက် ၁၇ နှစ်အရွယ် ကျောင်းသား Joel Koh က ဆိုပါတယ်။
“အရင်က သူငယ်ချင်းတွေနဲ့ မုန့်သွားစားလို့ ၅ ယောက်ထက် များနေရင် ခုံနေရာ ခွဲထိုင်ရတယ်။ အခုတော့ ၈ ယောက်တောင် စုထိုင်လို့ ရသွားပြီ” လို့ Koh က ပြောပါတယ်။
National Environment Agency (NEA) က လူ ၈ ယောက်ပဲ ထိုင်လို့ရမယ့်ခုံဆိုရင် မထိုင်ရ အမှတ်အသားတွေ ဖြုတ်ထားလို့ရပြီ ဖြစ်ပေမယ့် တကယ်လို့ ၈ ယောက်ထက် ပိုထိုင်နိုင်တဲ့ နေရာဆိုရင် စားသုံးသူတွေ သိအောင် ၈ ခုံအပြင် ကျန်နေရာတွေကို မထိုင်ရ အမှတ်အသား ကပ်ထားရဦးမယ်လို့ ဆိုပါတယ်။
အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ လူ ၈ ယောက် စားခွင့်ပေးလိုက်တဲ့အတွက် စားသုံးသူတွေလည်း ဈေးဆိုင်တန်းတွေ စုဖွင့်ထားတဲ့ နေရာမျိုးမှာ အရင်ထက် ကျယ်ကျယ်ဝန်းဝန်းနဲ့ စိတ်သက်သောင့်သက်သာ ဖြစ်လာနိုင်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တဝိုင်းနဲ့တဝိုင်း အကွာအဝေးကိုတော့ ၁ မီတာ ထားပေးရဦးမှာလို့ ဆိုပါတယ်။
တတိယအဆင့်ကို ဖြေလျှော့ပေးလိုက်တာကြောင့် အိမ်ကို အလည်အပတ်သွားနိုင်မယ့် လူဦးရေလည်း တိုးလာလို့ ပျော်ရွှင်မိကြောင်း အသက် ၅၄ နှစ်အရွယ် Rokiah Kasim က ဆိုပါတယ်။ “နှစ်သစ်ကူးကာလ အမေ့ဆီ သွားလည်ရင် အရင်က ၅ ယောက်ပဲ ရတော့ လူနည်းနည်းပဲ တွေ့ဆုံခွင့်ရခဲ့တာ။ အခုတော့ အရင်ထက် မိသားစု စုံစုံလင်လင် တွေ့ခွင့်ရတော့မယ်” လို့ သူက ပြောပါတယ်။
အသက် ၅၅ နှစ်အရွယ် မစ္စတာ Benjamin ကတော့ အခုလို လူ ၈ ဦး ဝိုင်းဖွဲ့ စားသောက်ခွင့် ပြုလိုက်လို့ ဝမ်းသာမိပေမယ့် သူတို့မိသားစုကတော့ ဆိုင်မှာသွားစားဖို့ အစီအစဉ် မရှိကြောင်း ပြောပြသွားပါတယ်။ “လူများများ အတူတူ စုစားခွင့်ရတာ ဝမ်းသာစရာပေါ့လေ။ ကျနော်တို့ကတော့ Delivery နဲ့ အိမ်မှာပဲ မှာစားကြတာ အကျင့်ဖြစ်နေပြီ” လို့ ဆိုပါတယ်။
“စင်ကာပူအစိုးရ ရောဂါထိန်းချုပ်မှုတွေ တကယ်ပဲ ကောင်းပါတယ်။ ဒါပေမဲ့ ဒီမှာလည်း ကိုရီးယားလို ဒုတိယလှိုင်း ကူးစက်မှု မလွဲမရှောင်သာ ဖြစ်လာခဲ့ရင် အရင် ကန့်သတ်ချက်မျိုးတွေ ပြန်ဖြစ်လာနိုင်လို့ ပြင်ဆင်ထားသင့်တယ်” လို့ မစ္စတာ Benjamin က ဆိုပါတယ်။
စင်ကာပူနိုင်ငံဟာ ဒီဇင်ဘာ ၃၀ ရက်မှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေးအတွက် ပထမဆုံးအကြိမ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ စတင်တော့မှာ ဖြစ်ပါတယ်။ နောက်နှစ် ဖေဖော်ဝါရီမှာတော့ အသက် ၇၀ နဲ့အထက် သက်ကြီးပိုင်းတွေကို ထိုးနှံပေးသွားဖို့ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
Ref: The Straits Times
You may also like these stories:
အစုလိုက် ကူးစက်မှုကြောင့် ဘန်ကောက် နှစ်သစ်ကူးပွဲ အားလုံး ဖျက်သိမ်း
ယူကရိန်းရှိ ချာနိုဘိုင်းနယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစား
ထိုင်းနိုင်ငံမှာ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ကျင်းပခွင့်ပေးမည်