မင်းသမီး Emma Thompson ဟာ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ အန်းလီရဲ့ “Sense and Sensibility” ရုပ်ရှင်မှာ အသက်ထက်ဝက် ငယ်တဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မင်းသား Dustin Hoffman ဟာလည်း ၁၉၆၇ ခုနှစ်တုန်းက “The Graduate” ရုပ်ရှင်မှာလည်း တက္ကသိုလ်ကျောင်းသား တဦးအနေနဲ့ သရုပ်ဆောင်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ သူတို့လို မင်းသမီး Zhang Ziyi ဟာ အသက် ထက်ဝက်ကျော်မက ငယ်တဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်တဲ့အခါမှာတော့ ဝေဖန်သူတွေနဲ့ ပရိသတ်တွေထံကနေ ဝေဖန်မှုတွေ ရရှိနေပါတယ်။
အပိုင်း ၈၀ ပါဝင်တဲ့ “The Rebel Princess” စီးရီးကို ဇန်နဝါရီလ ၈ ရက်နေ့ကစလို့ Youku ကနေ ပြသနေပြီး အဲ့ဒီစီးရီးထဲမှာ မင်းသမီး Zhang ဟာ နန်းတွင်းရေးရာကြောင့် အချစ်ကို ဆုံးရှုံးခံပြီး မချစ်နှစ်သက်သူကို လက်ထပ်လိုက်ရတဲ့ Wang Xuan ဆိုတဲ့ မိန်းကလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။
အဲ့ဒီစီးရီးကို ၂၀၁၈ ခုနှစ်မှာ ရိုက်ကူးနေချိန်မှာ မင်းသမီးဟာ အသက် ၃၈ နှစ် ရှိနေပြီဖြစ်ပြီး အခုလိုသက်လတ်ပိုင်းအရွယ်မှာ ဆယ်ကျော်သက်အရွယ် ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲ့ဒီစီးရီးထဲမှာ သူသရုပ်ဆောင်ထားတဲ့ Wang ဟာ ပထမဆုံးအပိုင်း အနည်းငယ်မှာ အသက် ၁၅ နှစ်အရွယ် ဖြစ်တာကြောင့် ကြည့်ရတဲ့ ပရိသတ်တွေအတွက် တော်တော်လေး ကသိကအောင့် နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီစီးရီးဟာ ကုန်ကျစရိတ် ယွမ် သန်း ၇၀၀ ကျော်ရှိခဲ့ပြီး ငွေကြေး စိုက်ထုတ်သူတွေထဲမှာ မင်းသမီးဟာလည်း တယောက်အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။
Zhihu ဝက်ဘ်ဆိုက်မှာ အင်တာနက် အသုံးပြုသူတဦးက “မင်းသမီးဟာ သူ့ထက် အသက် အရမ်းငယ်ရွယ်တဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်တာဟာ စိတ်ရှုပ်စရာ ကောင်းပြီး မင်းသမီးနဲ့ လိုက်ဖက်မှု မရှိတဲ့အတွက် ပရိသတ်တွေအတွက် ဇာတ်လမ်း အကြောင်းအရာကို အာရုံစိုက်ဖို့ တော်တော်လေး ခက်ခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။
မင်းသမီး Zhang ရဲ့ ရုပ်ရည်ဟာ အပြစ်ကင်းစင်တဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတဦးရဲ့ပုံစံ မပေါက်ဘူးလို့လည်း ဆိုကြပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက မင်းသမီးရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ “The Road Home” ထဲမှာ မင်းသမီးဟာ အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတဦးအဖြစ် သရုပ်ဆောင်ခဲ့တာဟာ လိုက်ဖက်မှု ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မင်းသမီးကို အနုပညာလုပ်ငန်းထဲမှာ နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီး မင်းသမီးရဲ့မျက်နှာပေါ်မှာ လောကဓံ အနိမ့်အမြင့် အတက်အကျတွေကိုတောင် မြင်ရတယ်လို့ မှတ်ချက်ပြုသူတွေ ရှိပါတယ်။
Weibo ဆိုရှယ်မီဒီယာပေါ်မှာလည်း မင်းသမီးကို ဝေဖန်မှု မြင့်တက်နေပါတယ်။ စီးရီးထဲမှာ ငယ်ရွယ်တဲ့ Wang နေရာကနေ သူ့ကို အသုံးမပြုစေဖို့ စီးရီးထုတ်လုပ်သူတွေထံ ပြောသင့်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ မင်းသမီး Zhang ကတော့ “ကျမကို ငယ်ရွယ်တဲ့ မိန်းကလေးတဦးဆိုတဲ့ တံဆိပ် မကပ်ကြပါနဲ့။ ကျမ Wang Xuan အဖြစ် သရုပ်ဆောင်ခဲ့တဲ့အချိန်မှာ အသက် ၃၈ နှစ်ပါ။ ကျမက နောက်လဆို အသက် ၄၂ နှစ် ပြည့်တော့မှာပါ” လို့ရေးသားခဲ့ပါတယ်။
ဆက်ပြီး မင်းသမီးက “အဲ့ဒီကိန်းဂဏန်းတွေ နှစ်ခုလုံးက ငယ်ရွယ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဘာမှ လုပ်မရပါဘူး။ အဲ့ဒါကိုတော့ ကျမ ရှင်းရှင်းလင်းလင်း သိပါတယ်။ ကျမ ဇာတ်ညွှန်းကို ရတဲ့အချိန်မှာ ဇာတ်ကောင်က အချိန်နဲ့အမျှ ဘယ်လို ကြီးထွားလာတယ်ဆိုတာကို သိခဲ့ပါတယ်။ ဇာတ်ကောင်ကို ပုံဖော်ဖို့ ကျမ အကောင်းဆုံး ကြိုးစားထားပါတယ်” လို့လည်း ဆိုပါတယ်။
“The Rebel Princess” စီးရီးဟာ ဇာတ်ကောင်ပုံဖော်မှု ပေါ့ပါးလွန်းခြင်း၊ ဇာတ်လမ်းအကြောင်းအရာပျောက်နေမှု၊ အဓိကဇာတ်ဆောင် မင်းသားနဲ့ မင်းသမီးအကြား ရိုးမန့် အချစ် ဇာတ်ဝင်ခန်းများ နည်းပါးမှုတွေနဲ့လည်း ဝေဖန်ခံနေရပါတယ်။
Ref: asianone
You may also like these stories:
အကောင်းဆုံး ဇာတ်ပို့ မင်းသမီး ဆန်ခါတင် စာရင်းဝင်ဖို့ တစ်ပြေးနေတဲ့ Youn Yuh-jung
ရုပ်ရှင်အသစ်အတွက် အနှုတ် ၃၃ ဒီဂရီအောက်မှာ အလုပ်လုပ်ခဲ့ရတဲ့ အမီတာဘဂျမ်း
Mr. Bean ကာတွန်းရုပ်ရှင်အသစ်မှာ ပါဝင်လာမယ့် မင်းသား Rowan Atkinson