၂၀၂၀ ခုနှစ်ဟာ COVID-19 ရောဂါကြောင့် တကမ္ဘာလုံး စိတ်မကောင်းစရာ ဖြစ်ရပ်များ ကြုံတွေ့ရသလို သရုပ်ဆောင် မို့မို့မြင့်အောင်ကလည်း ၂၀၂၀ က စိတ်ညစ်စရာ အကောင်းဆုံးနှစ်လို့ ဆိုပါတယ်။
“၂၀၂၀ က မို့ဆရာ ဦးကျော်ဟိန်း ဆုံးတယ်။ နောက် မို့ရဲ့ မိခင်ကြီးဆုံးတယ်။ မိခင် ဆုံးတာကတော့ မြင်းမိုရ်တောင်ကြီး ပြိုသလို ခံစားရတယ်။ ဒီရောဂါကြီး ဖြစ်တာတော့ တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ အကုန်လုံးလည်း စီးပွားရေးတွေ ပျက်ကြတယ်။ ၂၀၁၉-၂၀၂၀ စိတ်ညစ်စရာ အကောင်းဆုံးပဲ။ ကိုယ်တွေထက် တိုးတက်နေတဲ့ နိုင်ငံတွေလည်း ဖြစ်နေတာဆိုတော့ ကိုယ်တွေ နိုင်ငံလေးဖြစ်ရတော့လည်း စိတ်ပူရတာပေါ့”လို့ မို့မို့မြင့်အောင်က ပြောပါတယ်။
ကိုဗစ်ကာလမှာ အလုပ်လုပ်ရတာ အဆင်မပြေပေမယ့် ရိုက်ကူးရေး လုပ်တဲ့အခါမှာလည်း လုံခြုံအောင် နေထိုင်ရတယ်လို့ ဆိုပါတယ်။
“မို့က အနုပညာကို သိပ်ချစ်တယ်။ အခုလို ကိုဗစ်ကာလမှာ အလုပ်တွေ လုပ်ရတာ အဆင်မပြေဘူး။ အရင်ဆို ရှုတင် သွားခါနီး အရမ်းပျော်တာ။ အခု ရှုတင်သွားခါနီး ဆေးတွေ ဖျန်းရနဲ့။ ရှုတင်မှာလည်း ဆေးတွေ ဖျန်းရ၊ အိမ်ရောက်ရင်လည်း ဆေးတွေ ဖျန်းရနဲ့။ လုံခြုံအောင်တော့ နေရတယ်။ ကျန်တဲ့သူအကုန်လုံးက Mask တွေ အုပ်လို့ ရတယ်။ မို့တို့ သရုပ်ဆောင်တွေကျတော့ Mask အုပ်ရိုက်လို့ မရဘူး”
“အဲ့တော့ ကိုယ်ကိုင်မယ့်ဟာတွေ ဆေးအရင် ဖျန်းရတာပေ့ါ။ အဲ့ရောဂါက တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ မို့ နေ့စဉ် ဘုရားမှာ ဆုတောင်းတယ်။ ကမ္ဘာကြီးအတွင်းမှာ ရှိတဲ့ ၇ ရက် သားသမီး ကပ်ရောဂါ ကင်းဝေးပါစေ။ ကပ် ၃ ပါးက လွတ်ကင်းပါစေ။ ကျန်းမာပါစေ။ ဘေးရန်ကင်းပါစေ။ ဆေးတွေ လှူနေတဲ့သူတွေလည်း ကျေးဇူးတင်ပါတယ်”လို့ မို့မို့မြင့်အောင်က ပြောပါတယ်။
ရိုက်ကူရေးတွေ မလုပ်ချင်သေးပေမယ့် အနုပညာကို ချစ်တဲ့စိတ်နဲ့ ရိုက်ကူးရေးအဖွဲ့တွေရဲ့ စားဝတ်နေရေးကြောင့် ရိုက်ကူးရေး ပြန်လုပ်နေတယ်လို့ ဆိုပါတယ်။
“ကျန်းမာမှလည်း စီးပွားရှာနိုင်ကြမှာလေ။ တကယ်တမ်း အခြေခံ လူတန်းစားတွေ ရှာရဖွေရတာ ခက်ခဲကြတယ်လေနော်။ မို့ဆို ရှုတင်တွေ မရိုက်ချင်သေးဘူး။ တချက်က အနုပညာကို ချစ်တဲ့ စိတ်ရယ်၊ နောက်တချက်က ရိုက်ကူးရေးအဖွဲ့ တွေအတွက်၊ သူများတွေ တော်တော်များများ ရိုက်ကူးကြတယ်”
“မို့ မရိုက်လို့ မို့ ရိုက်ကူးရေးအဖွဲ့က မရိုက်ရဘူးဆိုတော့ သူတို့ ရဲ့ စားဝတ်နေရေးကို ကြည့်ပေးရမယ်။ ငါလည်း သူများစားဝတ်နေရေးကို ကြည့်ပေးရမယ်။ ငါမရိုက်လို့ သူတို့ မရိုက်ရင် အခက်အခဲတွေ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ မို့ ရိုက်ကူးရေးတွေ ပြန်ရိုက်တာပါ”လို့ မို့မို့မြင့်အောင်က ပြောပါတယ်။
အကယ်ဒမီများရှင် သရုပ်ဆောင် မို့မို့မြင့်အောင်ဟာ အနုပညာသက်တမ်း နှစ် ၄၀ ကျော်ရှိပြီဖြစ်ပြီး ၅ ထပ်ကွမ်း အကယ်ဒမီဆုရှင် ဝါရင့် မင်းသမီး တလက် ဖြစ်ပါတယ်။
You may also like these stories:
“မိခင် ဆုံးပါးတဲ့နေ့ဟာ မြင်းမိုရ်တောင်ကြီး ပြိုတဲ့နေ့ပါ”လို့ မို့မို့မြင့်အောင် ဆို