တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းဟာ ဗြိတိန်မှာ ကျင်းပမယ့် G7 ထိပ်သီး အစည်းအဝေး မတက်ရောက်ခင် မတ်လ ၂၃ ရက်နေ့က AstraZeneca ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံခဲ့ပါတယ်။ ဆိုးလ်မြို့ သမ္မတအိမ်တော်ဝန်း အနီးနားမှာရှိတဲ့ Jongno Ward ပြည်သူ့ကျန်းမာရေးစင်တာမှာ သမ္မတ မွန်း ကာကွယ်ဆေး ထိုးနှံခဲ့တာ ဖြစ်ပါတယ်။
သူနဲ့အတူ ဇနီးသည် Kim Jung Sook အပြင်၊ ဗြိတိန်ခရီးစဉ်ကို လိုက်ပါမယ့် Cheong Wa Dae သမ္မတ အိမ်တော် အရာရှိ ၉ ဦးလည်း အတူတူ ထိုးနှံခဲ့ကြတာပါ။
မတ်လ ၂၃ ရက် မနက် ၉ နာရီမှာ စင်တာကို ရောက်ရှိ လာခဲ့တဲ့ သမ္မတ မွန်းကို ကိုယ်အပူချိန်၊ ကျန်းမာရေး အခြေအနေတွေ စစ်ခဲ့ပြီး AstraZeneca ဆေး ထိုးနှံပေးခဲ့ပါတယ်။ ကာကွယ်ဆေး ထိုးပြီး နာရီဝက်ခန့် စောင့်ကြည့်အပြီးမှာ သမ္မတ အိမ်တော်ကို ပြန်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကိုရီးယားပြည်သူတွေ အမြန်ဆုံး ပုံမှန်လူနေမှုဘဝကို ပြန်ရောက်နိုင်ဖို့အတွက် ကာကွယ်ဆေး ထိုးနှံရေးကို အရှိန်ဟုန်မြင့် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ သမ္မတ မွန်းက ပြောကြားသွားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ AstraZeneca ကာကွယ်ဆေးကို အသက် ၆၅ နှစ်အထက် ထိုးနှံပေးဖို့ စီစဉ်ထားပါတယ်။
ကိုရီးယား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အေဂျင်စီ (KDCA) က ကာကွယ်ဆေး တကြိမ် ထိုးပြီးနောက် သွေးခဲမှုဖြစ်စဉ် ၂ ခုကြောင့် လူသေဆုံးမှုကို စုံစမ်းနေဆဲဆိုပေမယ့် ဆေးနဲ့ ဆက်နွယ်မှု မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒုတိယအသုတ် ထိုးနှံရေး အစီအစဉ်ကိုလည်း စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
KDCA ရဲ့ ဖော်ပြချက်အရ ကိုရီးယား ကျွမ်းကျင်ဆေးပညာရှင်တွေ ပါဝင်တဲ့ ကာကွယ်ဆေး ကော်မတီဟာ သွေးခဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာမှာ AstraZeneca ကာကွယ်ဆေးနဲ့ ဆက်စပ်မှု မရှိဘဲ ရောဂါအခံတွေကြောင့်သာ သေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပထမတကြိမ် ထိုးပြီး သွေးခဲသေဆုံးခဲ့ကြတဲ့ အသက် ၆၀ နှစ်အရွယ် အမျိုးသမီးကြီးနဲ့ အသက် ၂၀ ကျော် အရွယ် အမျိုးသားတို့ရဲ့ ကိုယ်ခန္ဓာကို စစ်ဆေးခဲ့ပြီး ရလဒ်အရ AstraZeneca ဆေးနဲ့ ပတ်သက်မှုမရှိဘူးလို့ ဆိုပါတယ်။
ကာကွယ်ဆေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ သွေးခဲမှုဆိုတာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် မြင်တွေ့နေကျ လက္ခဏာဖြစ်ပြီး COVID-19 ကူးစက်ခံထားရသူတွေမှာလည်း အလားတူ လက္ခဏာမျိုး တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားအစိုးရ အစီအစဉ်အရ ကာကွယ်ဆေးထိုးနှံရေး ဒုတိယအသုတ်အဖြစ် အသက် ၇၅ နှစ်နဲ့အ ထက်တွေကို Pfizer ကာကွယ်ဆေး ထိုးနှံပေးသွားမှာပါ။ ဒုတိယအသုတ်မှာတော့ နိုင်ငံရဲ့ ပြည်သူ ၁၁ သန်းခွဲကို ထိုးနှံပေးသွားဖို့ရှိပါတယ်။
KDCA ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၂၂ ရက်ထိ နိုင်ငံအတွင်း ပြည်သူ ၆၇၆,၆၀၇ ဦး ထိုးနှံပေးခဲ့ပြီး၊ ဒီထဲကမှ ၆၁၉,၁၀၀ က AstraZeneca ဆေးနဲ့ ၅၇,၅၀၇ ဦးက Pfizer ဆေး ထိုးပေးခဲ့တာ ဖြစ်ပါတယ်။
Ref: Korea Times
You may also like these stories:
ကိုဗစ် ကာကွယ်ဆေးကို တံခါးပိတ် ထိုးနှံခဲ့တဲ့ ရုရှားသမ္မတ ပူတင်
ထိုင်းနိုင်ငံ တရားမဝင်လုပ်သား ထိန်းသိမ်းရေးစခန်းတွေမှာ ကိုဗစ် ကူးစက်မှု ၃၀၀ နီးပါးရှိလာ
ထိုင်းနိုင်ငံ လာမယ့် ခရီးသွားတွေကို ကိုဗစ် စည်းကမ်းများ ဖြေလျှော့ပေးမည်