အိန္ဒိယနိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်မြင့်တက်လာနေဆဲ အချိန်မှာပဲ ဟိန္ဒူဘာသာဝင်တို့ရဲ့ အဓိကပွဲတော် တခုဖြစ်တဲ့ Holi ပွဲတော် (ရောင်စုံပွဲတော်) ကို ကျင်းပခဲ့ကြပါတယ်။ လတ်တလော COVID-19 ကူးစက်မှု မြင့်တက်နေတာကြောင့် ပြည်နယ်အများစုမှာ လူစုလူဝေး ကန့်သတ်ချက်တွေ ရှိနေပါတယ်။
ဟိန္ဒူဘာသာဝင် လူများစု နေထိုင်ရာ အိန္ဒိယနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း တယောက်နဲ့တယောက် ရောင်စုံအမှုန့်တွေ ပစ်ပေါက်ပြီး၊ ရေပက်ဖျန်းကြတဲ့ Holi ပွဲတော်ကို ဆင်နွှဲသူ သန်းနဲ့ချီ ရှိတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ၂ နှစ်ဆက်တိုက် ဆိုသလို ပွဲတော် ကျင်းပခွင့်တွေ ကန့်သတ်ခံရပြီး အိမ်မှာပဲ နေထိုင်ခဲ့ရပါတယ်။
အိန္ဒိယဘက်က တရားဝင် ထုတ်ပြန်ချက်အရ နေ့စဉ် ကူးစက်သူဟာ ၆၀,၀၀၀ နီးပါး ရှိလာပြီလို့ ဆိုပါတယ်။ ဖေဖော်ဝါရီလက ကျဆင်းသွားတဲ့ နေ့စဉ် ကူးစက်နှုန်း ၁၀,၀၀၀ ဝန်းကျင်ထက် အများကြီးပိုတက်လာတာပါ။
မတ်လ ၂၉ ရက်မှာ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်လူနာ ၆၈,၀၂၀ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ အောက်တိုဘာလ နောက်ပိုင်း နေ့စဉ် ကူးစက်မှုနှုန်း အများဆုံး ဖြစ်ပါတယ်။
လက်ရှိမှာတော့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု တတိယ အများဆုံး နေရာမှာ ရှိနေပြီး ကူးစက်လူနာ ၁၂ သန်းကျော်ရှိကာ နေ့စဉ် သေဆုံးမှုနှုန်းဟာလည်း မတ်လ ၂၉ ရက် ထုတ်ပြန်ချက်အရ ၂၉၁ ဦး ရှိတာကြောင့် စုစုပေါင်း ၁၆၀,၀၀၀ ကျော်လွန်လာပါပြီ။
ကူးစက်မှု အမြင့်ဆုံးဖြစ်နေတဲ့ မဟာရာရှ်ထရာပြည်နယ် အနောက်ပိုင်းမှာ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ တရက်တည်း ကူးစက်လူနာ ၄၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ကူးစက်လူနာ အများစုကတော့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းကပါ။ အဆိုပါ အရေအတွက်ဟာ နိုင်ငံတဝန်း ကူးစက်နှုန်းရဲ့ ၃ ပုံ ၂ ပုံလောက်ထိ ရှိပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အကြွယ်ဝဆုံး ပြည်နယ်တခုဖြစ်တဲ့ မဟာရာရှ်ထရာပြည်နယ် အာဏာပိုင်တွေက ကူးစက်မှု မြင့်တက်လာတာကြောင့် ခရီးသွားလာခွင့်တွေ ကန့်သတ်လိုက်ပြီး ညမထွက်ရ အမိန့်လည်း ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် တင်းကျပ်တဲ့ Lockdown စည်းကမ်းတွေ ချမှတ်ဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။
ကျန်းမာရေး တာဝန်ရှိသူတွေကတော့ လူစုလူဝေးတွေ၊ ပွဲလမ်းသဘင်တွေနဲ့ မကြာခင်က ကျင်းပခဲ့တဲ့ ပြည်နယ် ရွေးကောက်ပွဲတွေကြောင့် အစုလိုက် ကူးစက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။ လူဦးရေ ၁ ဒသမ ၇ ဘီလီယံ ရှိတဲ့ အိန္ဒိယမှာ COVID-19 ကာကွယ်ဆေးကို လူသန်း ၆၀ ကျော် ထိုးနှံပေးပြီးပါပြီ။ ဒီထဲကမှ ၉ သန်းသာလျှင် စိတ်ချရတဲ့အဆင့် ၂ ကြိမ် ထိုးနှံပေးပြီးခဲ့တာပါ။
အိန္ဒိယနိုင်ငံဟာ ပြည်ပကို COVID-19 ကာကွယ်ဆေး သန်း ၆၀ ကျော် တင်ပို့ ရောင်းချခဲ့တာကြောင့် ပြည်တွင်းက ပြည်သူတွေအတွက် ဦးစားပေးသင့်တယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။
ယခင်အပတ်က အစိုးရအဖွဲ့ဟာ ကာကွယ်ဆေးတွေကို နိုင်ငံခြားတင်ပို့မှု တိုးမြင့် မဆောင်ရွက်တော့ဘဲ အသက် ၄၅ နှစ်အထက် လူတိုင်းကို ဧပြီလ ၁ ရက်နေ့ စတင်ထိုးနှံပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။
Ref: Aljazeera
You may also like these stories:
တောင်ကိုရီးယားမှာ AstraZeneca ဆေးထိုးပြီး သေဆုံးမှုတွေ ရှိပေမယ့် သမ္မတ မွန်း ထိုးနှံခဲ့
ကိုဗစ် ကာကွယ်ဆေးကို တံခါးပိတ် ထိုးနှံခဲ့တဲ့ ရုရှားသမ္မတ ပူတင်
ထိုင်းနိုင်ငံ တရားမဝင်လုပ်သား ထိန်းသိမ်းရေးစခန်းတွေမှာ ကိုဗစ် ကူးစက်မှု ၃၀၀ နီးပါးရှိလာ